▪︎ရုပ်အလောင်းများမျောနေကြောင်းဒေသခံအချို့ပြော
တနင်္သာရီတိုင်း၊ လောင်းလုံးနှင့် ထားဝယ်မြို့နယ်ကြား ထားဝယ်မြစ်ဝတွင် ယမန်နေ့( ဇူလိုင်လ ၁၆ရက်)ညနေက လက်နက်ခဲယမ်းအများအပြားတင်ဆောင်လာသည့်စစ်ကောင်စီစက်လှေတစ်စီးနစ်မြုပ်သွားပြီးယနေ့တွင်သေဆုံးရုပ်အလောင်းများ မျောပါနေကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ အင်အား (၃၀)ဝန်းကျင်လိုက်ပါလာသည့် စက်လှေတစ်စီးသည် လောင်းလုံးမြို့နယ် သပြေရှောင်ကျေးရွာအနီး ထားဝယ်မြစ်ဝတွင်ဇူလိုင်လ ၁၆ ရက်ည ၇နာရီခန့်၌ နစ်မြုပ်သွားခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။
“မနေ့ညနေကတည်းရကြားတယ်။ဒီနေ့(ဇူလိုင် ၁၇ရက်)မနက်အစောကြီးပဲ စစ်တပ်ကကောင်တွေက အောက်ဆီဂျင်ဗူးတွေ၊ ရေငုပ်ဝတ်စုံတွေနဲ့ ရောက်လာတယ်။ ရှာကြတယ်။ မတွေ့ဘူး။အခုညနေတော့ အလောင်းတချို့ ပေါ်လာတယ်လို့ ကြားတယ်။ မြစ်ဆိပ်ကို မဆင်းရဲလို့ အသေးစိတ်မသိဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။
စက်လှေပေါ်ပါလာသူ အားလုံးသေဆုံးသည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီစက်လှေပေါ်တွင် လက်နက်ခဲယမ်းများပါဝင်လာကြောင်းနှင့် စက်လှေနစ်မြုပ်သွားသည့်သတင်းလည်း ကြားရကြောင်း တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“မနေ့ညကမြုပ်တယ်လို့ သိရတယ်။ ဒီနေ့ အလောင်းတွေမျောနေတယ်ကြားတယ်။စက်လှေပေါ်မှာလက်နက်ခဲယမ်းတွေ ပါတယ်လို့လည်း ကြားတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
လောင်းလုံးနှင့် ထားဝယ်မြို့နယ် ပတ်ဝန်းကျင်တွင် ဇူလိုင် ၁၆ ရက်ညရော ၊ဇူလိုင် ၁၇ ရက်တွင်ပါမိုးကောင်းနေပြီး စစ်ကောင်စီစက်လှေသည် မိုးသက်လေပြင်းကြောင့် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။
ဘင်္ဂလားပင်လယ်အော်တွင် ယခု ရက်ပိုင်းအတွင်း မုတ်သုန်လေအားအလွန်ကောင်းနေပြီး တနင်္သာရီတိုင်းတွင် မိုးကြီးနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံမိုးဇလဌာနက ဇူလိုင်လ ၁၆ရက်နှင့် ၁၇ရက်တွင် နှစ်ရက်ဆက်သတိပေးထားသည်ကိုတွေ့ရသည်။
