▪︎စစ်ကောင်စီ လေကြောင်းအသုံးပြု၍ ပြည်သူများကိုအကြမ်းဖက်မှုပိုလုပ်လာသောကြောင့်တုံ့ပြနမယ်ခြင်းဟုတာဝန်ရှိသူပြော
မကွေးလေတပ်စခန်းကို ယနေ့ မနက် ၁နာရီခန့်က ရှော့တိုက်ဒုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်ဆီဂိုထောင်ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုအမှတ်( ၁ )စစ်ဒေသ မကွေးခရိုင် အမှတ် (၂) တပ်ရင်းမှတာဝန်ရှိသူကပြောသည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့ ပူးပေါင်း၍ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေးလုံးသည် လေတပ်စခန်းကို ထိရောက်မှုရှိစွာပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းကယနေ့ သတင်းထုတ်ပြန်လိုက်သည်။

“ကျနော်တို့ မနက်၁နာရီလောက် မဟာမိတ်တွေအတူပူးပေါင်းပြီး မကွေးလေတပ်စခန်းကို ၁၀၇မမ၅လုံးနဲ့သွားပစ်တယ် ၄လုံး မကွေးလေတပ်ဝန်းထဲကျရောက်ပေါက်ကွဲခဲ့ပြီးတော့ ၁လုံးကတော့ Errorတက်တယ် လေတပ်ထဲက ဆီဂိုဒေါင်တစ်ခုကိုတော့ ထိမှန်တယ်လို့ အနီးဝန်းကျင်ကနေ အတည်ပြုနိုင်တယ် စစ်ခွေးတချို့လည်းထိခိုက်ကျဆုံးတယ်လို့ သတင်းရထားပေမယ့် အသေးစိတ်အတည်ပြုနိုင်ဖို့တော့ စုံစမ်းရခက်နေပါတယ်”ဟု မကွေးခရိုင်အမှတ်၂ တပ်ရင်းမှတာဝန်ရှိသူကပြောသည်။
လေတပ်အနီးဝန်းကျင်ကို လုံခြုံရေးအထူးတင်းကြပ်ထားသဖြင့် အသေးစိတ်အတည်ပြုရန် ခက်ခဲကြောင်းလည်း၎င်းကဆက်ပြောသည်။
အဆိုပါစစ်ဆင်ရေးကို MKCDF( Mountain Knights Civilians Defense Force)၊ မကွေးခရိုင် အမှတ် (၂)တပ်ရင်း၊ ငါးပြေမ ပျောက်ကြားတပ်ဖွဲ့နှင့် တောင်တွင်းကြီး ပကဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုမကွေးခရိုင်တပ်ရင်း (၂)က ထုတ်ပြန်ထားသည်။
“စစ်ကောင်စီက လေကြောင်းအသုံးပြုပြီးတော့ အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်လာတာတွေ တော်တော်များလာတဲ့အတွက် ကျနော်တို့ လက်လှမ်းမီတဲ့ မကွေးလေတပ်စခန်းကို ၁၀၇မမတွေနဲ့သွားပစ်ခဲ့တာပါ”ဟု အထက်ပါတာဝန်ရှိသူကဆက်ပြောသည်။
မကွေးလေတပ်စခန်းကို ၂၀၂၂ နိုဝင်ဘာ၁၅ရက်ကလည်း ဒေသခံကာကွယ်ရေးများက ရှော့တိုက်ဒုံး ၃လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်။
တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏တံတားဦးလေတပ် ၊မဂ်လာဒုံလေတပ် ၊နေပြည်တော်လေတပ်တို့ကိုလည်း ယခုနှစ်အတွင်း ရှော့တိုက်ဒုံးများ ၊တာဝေးဖြင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ထားသည်။
