ယင်းမာပင်မြို့နယ်တွင်ကလေးတစ်ဦးအပါအဝင် ပြည်သူသုံးဦးကို သတ်ဖြတ်သွားသည့် စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ခြောက်ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရသွားကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ ၊ တပ်ရေးဗိုလ်က ပြောသည်။
ယမန်နေ့(ဇူလိုင် ၈ရက်) နံနက် ၉နာရီခန့်ကယင်းမာပင်မြို့ထဲမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို မြို့အထွက်မှစောင့်၍ တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။
“သူတို့က ကျွန်တော်တို့ နှစ်ဖွဲ့ကြားကို ရောက်လာတာ။တိုက်ခိုက်နေချိန် ကျွန်တော်တို့ မြင်ရတာက လေးယောက်ကို သူတို့ ထမ်းတင်သွားတယ်။နှစ်ယောက်က တွဲထားတယ်။ ဒဏ်ရာရသူတွေ များတယ်။ သတင်းလည်း ပြန်ရပါတယ်ဗျ” ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၁၇( B-21 Kani PDF) တပ်ရေးဗိုလ်ကိုထွေးကပြောသည်။
တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ ခန့်ကြာခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းသည် ယင်းမာပင်မြို့ထဲသို့ ပြန်ဝင်သွားသည်ဟု သိရသည်။အဆိုပါ စစ်ကြောင်းသည် ဇူလိုင်လ ၆ရက်က အင်ကြင်းတောင်အနီး၌ ပြည်သူ နှစ်ဦးနှင့် ကလေးငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြာင်းဒေသခံများကပြောသည်။
ဇူလိုင်လ ၈ရက်က တိုက်ပွဲကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ ( B-21 Kani PDF)၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁ (မြောက်ယမားပြည်သူ့ကွယ်ရေးတပ်ဖွဲ့)နှင့် ယင်းမာပင်ခရိုင် တပ်ရင်း ၃၁တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လတ်တလောတွင် ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ ( B-21 Kani PDF)က စစ်ကောင်စီ တပ်ကိုတိုက်ခိုက်မှုအရှိန်မြှင့်ရန်အတွက် ” ခံစစ်မှသည် ထိုးစစ်ဆီသို့”ဟူသော ရံပုံငွေရှာဖွေရေးကမ်ပိန်းကို ပြုလုပ်နေသည်။
ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ ( B-21 Kani PDF)၏ ” ခံစစ်မှသည် ထိုးစစ်ဆီသို့) ရံပုံငွေရှာဖွေရေးကမ်ပိန်းအကြောင်းကို ယခု link https://www.facebook.com/profile.php?id=100075716815147… တွင် စုံစမ်းနိုင်ပါသည်။
“အညာဒေသမှာ လက်နက်ခံယမ်းအဓိက လိုအပ်လာပါတယ်။ အညာဒေသရဲ့တောင့်ခံနိုင်မှုကလည်း လုံးဝ အံ့မခန်းပါပဲ။ ဒီထက်ပိုပြီးထိုးစစ်ကောင်းကောင်းစနိုင်အောက် လက်နက်များများလိုအပ်ပါတယ်။ ပြည်သူတွေအနေနဲ့ နိုင်ရာကနေ တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု တပ်ရေးဗိုလ်ကိုထွေးကပြောသည်။
လတ်တလောတွင် ယင်းမာပင်နှင့် ကနီမြို့နယ်အပြင်စစ်ကိုင်းတိုင်း မြို့နယ်များတွင် စစ်ကောင်စီတပ်ကစစ်ကြောင်းမကြာခဏထိုးနေသည်။
ဇူလိုင် ၇ ရက်ည ၉နာရီခွဲအချိန်တွင်လည်းယင်းမာပင်မြို့ အရှေ့ဘက်ခြမ်းရှိ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အထိုင်ချတပ်စွဲထားသဖြင့် ကျောင်းသားကျောင်းသူများ ပညာသင်ကြားခွင့် မရသည့်အတွက် မဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်းယင်းမာပင်ခရိုင် တပ်ရင်း ၃၀ က ထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲတွင် ယင်းမာပင်ခရိုင် တပ်ရင်း အမှတ်(၃၀)၊တပ်ခွဲ(၄) Black Shadow PDF၊ ယင်းမာပင် ခရိုင် တပ်ရင်းအမှတ်(၁) ၊တောသားကြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ဘာမထီပွဲတိုင်းကျော်၊တဇောက်ကန်းဘဂျမ်း၊Power 54၊YinmarbinFighter Brotherhood Guerrilla Army စသည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကအင်အား(၅၀) ကျော်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
