မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း မြင်းခြံခရိုင်အမှတ်၄ တပ်ရင်း Natogyi People Defence Force အဖွဲ့က ပြောသည်။
ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့က မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်အစပ် ယုန်ထိုးကျေးရွာနှင့် ပဲကြီးခင်းကျေးရွာကြားတွင် အင်အား၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို NPDF၏ ဗိုလ်တွံတေး ဦးဆောင်သည့်အဖွဲ့နှင့် ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Natogyi People Defence Force အဖွဲ့က ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၅ ဦးခန့် သေဆုံးနိုင်သည်ဟု NPDF အဖွဲ့က ခန့်မှန်းသည်။
“ပွဲတွေ နားထားတယ်ဆိုတာ ပစ္စည်းဆုံးရှုံးမှုများနေလို့ပါ။ မနေ့က အပြန်အလှန်ဆော်ကြတယ်။ ေးဘက်က အထိအခိုက်ရှိပေမယ့် ဒရုန်းတစ်စီးဆုံးရှုံးခဲ့ရတယ် ပြန်လည်ဖြည့်တင်းနိုင်ဖို့ နိုင်သလောက်ပါဝင် ကူညီကြပါဦး။”ဟု NPDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“တိုက်ပွဲက မိနစ်၂၀လောက်ကြာတယ်။ ဒရုန်းနဲ့လည်းဗုံးကျဲတိုက်ခိုက်တယ်။ အပြန်အလှန်လည်းပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်။”ဟု နွားထိုးကြီးနယ်ခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ည၈ နာရီခန့်က ယုန်ထိုးကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသည့် ရဲဘော် ၅ ဦးအတွက် လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း NPDF အဖွဲ့က အသိပေးထားသည်။
