▪︎မြစ်ကြီးနား-ဗန်းမော်လမ်း ဒေါ့ဖုန်းယန်ဒေသ နေရာ ၂ခု နှင့် ရှမ်းမြောက် ကွတ်ခိုင်ဒေသ၌ တိုက်ပွဲဖြစ်
▪︎စစ်ကောင်စီတပ်က လိုင်ဇာအနီးတဝိုက်သို့လက်နက်ကြီးများ ပစ်ခတ်နေ
ကချင်ပြည်နယ် တနိုင်း-လီဒိုလမ်းအနီး ရှဒူးဇွပ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့် ဦးဆောင်သည့် ဝါရာဇွပ် ပြည်သူ့စစ်တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KIAက အတည်ပြုသည်။
ယနေ့( ဇူလိုင် ၈ရက် )နံနက်အစောပိုင်းမှစ၍ရှဒူးဇွပ်ဒေသရှိ ပြည်သူ့စစ်စခန်း ၃ခုကို KIAက စီးနင်းဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းနှင့်ပတ်သက်၍ KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ညနေပိုင်း၌ အတည်ပြုပြောကြားခြင်းဖြစ်သည်။

“ဒီနေ့ လီဒိုလမ်း ဝါရာဇွပ်ထဲကမင်းဇင်သန့် ပြည်သူ့စစ်တပ်စခန်းတွေကိုဝင်သိမ်းတဲ့ တိုက်ပွဲတွေရှိပါတယ်။နောက် မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ့နော်။ အဲဒီ ဒေါ့ဖုန်းယန် တကြောမှာလည်းတိုက်ပွဲနှစ်နေရာလောက်ရှိပါတယ်။ စစ်မြေပြင်အနေအထားတွေကတော့ အတိအကျတော့ မသိဘူးပေါ့။ တိုက်ပွဲရှိတာ မှန်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စခန်းများသိမ်းပိုက်ဖျက်ဆီးနိုင်မှု၊ နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေများကို မူ KIAသတင်းပြန်ကြားရေး တာဝန်ခံကဖြေကြားခြင်းမရှိပေ။

ထိုအပြင်ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး ယနေ့မနက်က KIAနှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ခဲ့ခြင်းကိုလည်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
“ရှမ်းမြောက်ဘက်က တိုက်ပွဲလည်းမှန်ပါတယ်။ သတင်းမှာ တက်တာအတည်ပြုပြောလို့ရပါတယ်။နန်ဆန်ယာန်တကြောလုံးမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်တာတော့ ရှိပါတယ်။ အဲဒါကြောင့် စစ်ရေးအခြေအနေက တင်းမာတဲ့အနေအထားဖြစ်ပါတယ်ဗျ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIA ဌာနချုပ် လိုင်ဇာဒေသနှင့်နီးသည့် နန်ဆန်ယာန်တွင်ဇွန်လ ၁၆ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းထိုးစစ်ဆင်လာ၍ ဇူလိုင် ၃ရက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ လက်ရှိတွင် စစ်ကောင်စီတပ်က လိုင်ဇာဘက်သို့ ဦးတည်ပြီးလက်နက်ကြီးများ ပစ်ခတ်နေခြင်းဖြစ်သည်။
ဇူလိုင် ၈ ရက်မနက်တွင်လည်း စစ်ကောင်စီတပ်က လိုင်ဇာအနီးတဝိုက်သို့လက်နက်ကြီးပစ်ခတ်ခဲ့သည်ဟု ကချင်ဒေသခံသတင်းရင်းမြစ်က ပြောသည်။
“တနိုင်းဘက်မှာ မင်းဇေသန့်ရဲ့ အိမ်ဘက်ကိုဝင်တိုက်တယ်လို့ပြောတယ်။ လိုင်ဇာဘက်လည်း လက်နက်ကြီးတွေပစ်တယ် ပြောတယ်။ တနိုင်းလမ်း ရှဒူးဇွပ်ဘက်မှာ မင်းဇေသန့်တို့ အထိအခိုက်များတယ်လို့ ပြောတယ်”ဟုဒေသခံကပြောသည်။
စစ်ကောင်စီတပ်က လိုင်ဇာနှင့်အနီးသို့ စစ်ရေးလှုပ်ရှားလာခြင်းမှာ နန်ဆန်ယာန်ဒေသနှင့် ဗန်းမော် – မြစ်ကြီးနားလမ်းကို ထိန်းချုပ်လို၍ ဖြစ်နိုင်သည်ဟု ကချင်သတင်းရင်းမြစ်က သုံးသပ်သည်။
“အဲဒီနန်ဆန်ယာန်က အရင်က တပ်က ထိုင်တာ။ ဒီနောက်ပိုင်းအာဏာသိမ်းမှုဖြစ်ပြီးမှသူတို့က ဖယ်ပေးလိုက်တာကိုး။ အဲဒါကိုပြန်ပြီးမှရအောင် ပြန်ထိုင်ဖို့အစီအစဉ်ရှိမယ်ထင်တယ်။ အဓိကတော့ အဲဒီနန်ဆန်ယာန်က အဲဒါဖွင့်ထားပေးတဲ့အချိန် KIAကစစ်ကိုင်းသွားတဲ့နေရာမှာပိုပြီးမှ လွတ်လွတ်လပ်လပ် သွားလို့ရတဲ့ပုံစံဖြစ်နေတယ်ထင်တယ်။ဆက်စပ်နေလားဆို နန်ယန်ယာန်က နေရေကြောင်းအတိုင်းဆင်းသွားရင် ဧရာ၀တီမြစ်ဘက်ပေါက်တယ်။ ဧရာ၀တီမြစ်ထဲကနေ ဆင်ဘို၊ ဆင်ဘိုကနေ တဆင့်ဆိုလို့ရှိရင် ကသာဘက်ကို နီးနီးလေးဖြစ်သွားပြီလေ” ဟု ကချင်ဒေသသတင်းရင်းမြစ်က နန်ဆန်ယာန်တိုက်ပွဲ အပေါ် မှတ်ချက်ပြုသည်။

စစ်ရေးအနေအထားအရက KIA ဖြစ်စေ၊စစ်ကောင်စီဖြစ်စေ နန်ဆန်ယာန်ကို စီးထားနိုင်ပါက အကျိုးရှိသည်ဟုဆိုသည်။ သို့ရာတွင် စစ်ကောင်စီတပ်အနေဖြင့် နန်ဆန်ယာန်ကို ကျော်ပြီးKIA ဌာနချုပ်နယ်မြေသို့ထိုးစစ်ဆင်ရန်မှာလွယ်ကူမည်မဟုတ်ဟု ကချင်သတင်းရင်းမြစ်ကပြောသည်။
“ နန်ဆန်ယာန်ကိုတော့ မပြောတက်ဘူး နန်ဆန်ယာန်ကျော်လာရင်တော့ လွယ်လွယ်ကူကူနဲ့တော့ လိုင်ဇာဝင်လို့ရမှာ မဟုတ်ဘူးထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက်မှာ ကျနော်တို့ ကြားရသလောက် PDF လည်းများတယ် အခြား ရခိုင်တပ်တွေလည်းရှိတယ်။ ဆိုတော့ မလွယ်တော့ မလွယ်လောက်ဘူးနဲ့ထင်တယ်။ လိုင်ဇာကို သူတို့ကနေ အဝေးက လက်နက်ကြီးနဲ့ခြိမ်းခြောက်ပြီး လေယာဉ်ဗုံးကြဲတာလောက်ပဲရှိမယ်ထင်တယ်။ ထိုးစစ်ကြီးဆိုရင်တော့ အကျအဆုံးတအားများသွားမယ်လေ” ဟု ကချင်သတင်းရင်းမြစ်က သုံးသပ်ပြောကြားသည်။
