▪︎ကျောက်ထု-ပခုက္ကူလမ်းပိုင်းကိုဇူလိုင် ၆ရက်မှစ၍ အသုံးပြုသွားလာခြင်းမပြုကျောက်ထု PDF(YRPA)သတိပေး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် ရဲစခန်းမှ ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီရဲတပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွား၍ ၎င်း၏ သေနတ်ကိုပါ PDFများသိမ်းဆည်းသွားကြောင်း ဒေသခံများအချို့ကပြောသည်။
ကမ္မမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် ဇူလိုင် ၅ ရက် နံနက် ၉နာရီခန့်က ထွက်လာစဉ် ရဲစခန်းနှင့်မလှမ်းမကမ်းမှာပင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံအချို့ကပြောသည်။
“ရဲအပစ်ခံရပြီးတော့ ကျန်ရဲတွေက မဲမဲမြင်ရာရမ်းသန်းပစ်တော့ပဲ။လူတွေလည်း အိမ်ထဲက အိမ်ပြင်မထွက်ရဲဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

ပစ်ခတ်ခံရသောကြောင့်ရဲမှာသေဆုံးသွားပြီး ၎င်းထံမှ G-3 တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည်များနှင့် ဖုန်းတစ်လုံးကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားကြောင်းဒေသခံများကပြောသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို People’s Defense Force- ကမ္မတပ်ဖွဲ့က ဆောင်ရွက်ခဲံခြင်းဖြစ်ပြီး သေနတ်အပြင် ကျည်ဘောက်တစ်ခု၊ ကျည်၁၂တောင့်နှင့် ဖုန်းတလုံးသိမ်းဆည်းရမိသည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။ထိုအပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းအသိပေးထားသည်။

အခြားသတင်းတစ်ရပ်တွင် ကျောက်ထု-ပခုက္ကူလမ်းပိုင်းကို ယနေ့ (ဇူလှိုင် ၆ရက်) မှစ၍ အသုံးပြုသွားလာခြင်းမပြု ကျောက်ထု PDF(YRPA)က ယနေ့ထုတ်ပြန်ထားသည်။ အရေးကြီးကိစ္စရပ်များသွားလာရန် လိုအပ်ပါက ကျောက်ထု PDFရုံးကို ဆက်သွယ်ကြရန်လည်း တိုက်တွန်းထားသည်။
ထိုလမ်းပိုင်းတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာနိုင်၍ လမ်းပိုင်းယာယီပိတ်ထားရခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
