ကရင်နီ(ကယား)ပြည်နယ်၌ ဇွန်လအတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၅၀ခန့်သေဆုံး ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ ထုတ်ပြန်သည်။
လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ရှားတောတို့တွင် တိုက်ပွဲငယ်များဖြစ်ပွားခဲ့ပြီး၊ မယ်စဲ့၊ ဖားဆောင်းနှင့် ရွာသစ်မြို့နယ်များတွင် ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ကာ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ဇွန်လ ၅ရက်မှစ၍ မိုးဗြဲမြို့အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ မြို့တွင်းနေရာအနှံ့တပ်စွဲခဲ့သော စစ်ကောင်စီတပ်ဖွဲ့များအား KNDFနှင့်အတူ မိုးဗြဲPDF၊ လွိုင်ကော်PDF၊ URFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တစ်လတာအတွင်း တိုက်ပွဲပေါင်း ခြောက်ကြိမ်ကျော်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။
ထို့အတူ ဖယ်ခုံမြို့နယ်အတွင်းရှိ နေရာတချို့တွင်လည်း ထိတွေ့တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သလို မိုးဗြဲမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့ တိုက်လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူများ၏ နေအိမ်များ၊ ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်ဆီးမှုရှိခဲ့ပြီး စာရင်းအတိအကျအား KNDFက ပြုစုနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်များမှာ မိုးဗြဲမြို့အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ချိန်တွင် ကနဦးစုစည်းထားသော အချက်အလက်များအရ အရပ်သားပြည်သူ ၂၃ဦးအား အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကာ သတ်ဖြတ်ခံရသူများထဲတွင် အမျိုးသား ၂၀ဦး၊ အမျိုးသမီး သုံးဦးနှင့် (၁၀)နှစ်ခန့်ရှိ ကလေးငယ်တစ်ဦးတို့ပါ ပါဝင်သည်။
ထို့အပြင် ပျောက်ဆုံးနေသူနှင့် ရုပ်အလောင်းများ မရရှိသေးသည့် အရပ်သားပြည်သူများလည်း ရှိနေသေးကာ မိုးဗြဲမြို့နေရာအနှံ့တွင် စစ်ကောင်စီက တပ်စွဲထားသည်ဟု ဆိုသည်။
ဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KA၊ KNDF၊ မိတ်ဖက်ပူးပေါင်းတပ်များအကြား လွိုင်ကော်မြို့နယ်တွင် တိုက်ပွဲ(၇)ကြိမ်၊ ရှားတောမြို့နယ်တွင် တစ်ကြိမ်၊ ဖရူဆိုမြို့နယ်တွင် လေးကြိမ်နှင့် ဒီးမော့ဆိုမြို့နယ်တွင် ငါးကြိမ်ခန့်အထိ ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားခဲ့သည်။
ထို့အတူ ဇွန်လ ၁၃ရက်မှစ၍ မယ်စဲ့မြို့နယ်အတွင်းရှိ ထိုင်း – မြန်မာနယ်စပ်မှ စစ်ကောင်စီ ၏တပ်စခန်းများဖြစ်သော BP-13စခန်း၊ BP-14စခန်း၊ BP-15 ရှိ မယ်တနွယ် တပ်စခန်း၊ BP-16 ရှိ တောင်လှတပ်စခန်းတို့နှင့် မယ်စဲ့မြို့မရဲစခန်း၊ ဗျူဟာကုန်းတပ်စခန်းတို့အား KA ၊ ကလလတ ၊ KNDFနှင့်အတူ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုများ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြသည်။
ထို့အပြင် စစ်ကောင်စီ၏ လက်နက်ကြီး၊ငယ် များစွာနှင့် ခဲယမ်းမီးကျောက်အမြောက်အများတို့အား သိမ်းဆည်းရရှိခဲ့သည်။
“မယ်စဲ့မြို့က တော့ ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာပဲ။ရွာသစ်မြို့ ဘက်ကိုတော့ သူတို့ တပ်ရင်း နှစ်ခု ကျော်လောက်အသုံးပြုပြီး တပ်စွဲထားတယ်။တိုက်ပွဲကတော့ ဆက်ပြင်းထန်ဖို့ပဲရှိပါတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဇွန်လ ၂၄ရက်မှစ၍ စစ်ကောင်စီတပ်များသည် ဘောလခဲမြို့မှ စစ်ကောင်း(၂)ကြောင်းခွဲကာ ရွာသစ်မြို့သို့ဦးတည်၍ အပြင်းအထန် စစ်ကြောင်းထိုးဝင်ရောက်ခဲ့သောကြောင့် ရွာသစ်-ဘောလခဲ လမ်းတလျှောက်တွင် စစ်ကောင်စီတပ်များနှင့် KA ၊ ကလလတ ၊ ဘောလခဲPDF ၊ KNDF တို့ကြား (၄)ရက်ကျော်ကြာ ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ ရွာသစ်မြို့အတွင်းသို့ ဝင်ရောက်ကာ တပ်စွဲထားခဲ့သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီမှ နေ့စဉ်နီးပါး လေကြောင်းပစ်ကူများ နှင့် လက်နက်ကြီးပစ်ကူများအား အလွန်အကျွံအသုံးပြု တိုက်ခိုက်လျက်ရှိသည်။
ဇွန်လအတွင်း ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်များအား ရင်ဆိုင်တိုက်ခိုက်ရင်း KNDF/B-03မှ ရဲဘော်မောင်ဒိုနှင့် ရဲဘော်ရှိုင်းဝဏ္ဏအောင်၊ KNDF/CDM ဌာနမှ ရဲဘော်သားသားတို့ မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးသွားသော ရဲဘော် သုံးဦးတို့အား အာဇာနည်သူရဲကောင်းများအဖြစ် KNDFက မှတ်တမ်းတင်သည်။
ထို့အတူ ဇွန်လတစ်လတာအတွင်း ကရင်နီပြည်နယ်အတွင်း နှင့် မိုးဗြဲမြို့တို့တွင် အရပ်သားပြည်သူ ၃၃ဦး ထိခိုက်သေဆုံးခဲ့ရပြီး စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးထိမှန်မှုကြောင့် မိုးဗြဲမြို့တွင် သုံးဦး၊ ဘောလခဲမြို့နယ်တွင် တစ်ဦး၊ လွိုင်ကော်မြို့နယ်တွင် တစ်ဦး သေဆုံးခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဖရူဆိုမြို့နယ်တွင် တစ်ဦးနှင့် ဖားဆောင်းမြို့နယ်တွင် လေးဦးသေဆုံးခဲ့ရသည်။
