မြန်မာနိုင်ငံကိုဖြတ်၍ အိန္ဒိယနှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ပေးမည့် သုံးနိုင်ငံအဝေးပြေးလမ်းမကြီးသည် ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု အိန္ဒိယနိုင်ငံဝန်ကြီး Nitin Gadkari က ပြောကြောင်းအိန္ဒိယသတင်းဌာနများတွင်ဖော်ပြသည်။
အဆိုပါ အဝေးပြေးလမ်းမကြီးသည် နောက်ထပ် သုံးနှစ်မှ လေးနှစ်အတွင်း ခရီးသွားများအတွက် ဖွင့်လှစ်နိုင်မည်ဟု အိန္ဒိယအစိုးရကဇူလိုင် ၃ ရက်တွင်ပြောကြားသည်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးသည် ကီလိုမီတာ ၁၄၀၀ (မိုင် ၈၇၀ခန့်) ရှည်လျားသည့် နိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းမကြီးဖြစ်ပြီး ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်ဖြစ်သည်ဟု အိန္ဒိယနိုင်ငံကဆိုသည်။

ထိုစီမံကိန်းကို ဝန်ကြီးချုပ်ဟောင်း Atal Behari Vajpayee က စတင်အဆိုပြုခဲ့ပြီး ၂၀၀၂ ခုနှစ် ဧပြီလတွင် အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကြားဝန်ကြီးအဆင့် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထိုလမ်းပိုင်းကို ၂၀၁၉ခုနှစ်တွင်အပြီးသတ်ရန် ရည်မှန်းထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့သည်။ သို့သော်မကြာခင် ပြီးစီးတော့မည်ဖြစ်ကြောင်း အဝေးပြေးလမ်းနှင့် သယ်ယူပို့ဆောင်ရေးပြည်ထောင်စုဝန်ကြီးက ယခုအခါထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။
“ စီမံကိန်းရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ပြီးသွားပါပြီ။” ဟု Nitin Gadkariကဆိုသည်။
သို့သော် အဝေးပြေးလမ်းမကြီးကို မည်သည့်အချိန်တွင် အဆင်သင့်ဖြစ်မည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
အိန္ဒိယ-မြန်မာနယ်စပ် မိုရေးမြို့မှ တမူးမြို့မှထိုမှတဆင့် မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်သန်းကာ မြန်မာ-ထိုင်းနိုင်စပ်မဲဆောက်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံနှင့် ချိတ်ဆက်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် ထိုလမ်းပိုင်း အဓိကဖြတ်သန်းသွားမည့် စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်ကြားတိုက်ပွဲများပြင်းထန်နေသည်။
