ပဲခူးတိုင်း ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ရန်ကုန် – ပြည်ကားလမ်းဘေးရှိ မြို့အဝင်ဆိုင်းဘုတ်၌ ချိတ်ဆွဲထားသော စာတန်းလာဖြုတ်သည့် စစ်ကောင်စီတပ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၅)ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)မှ ရဲဘော်တစ်ဦးက ပြောသည်။
ပေါင်းတည်မြို့အဝင်ဆိုင်းဘုတ်၌ချိတ်ဆွဲထားသော “တစ်တိုင်းလုံးညီ တစ်ပြည်လုံးရဲ မင်းအောင်လှိုင်ခေါင်း ဒေါင်းနင်းတဲ့ပွဲ”ဟု ရေးသားထားသည့်စာတန်းအား လာဖြုတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးကို ဇူလိုင် ၃ရက် နံနက် ၈ နာရီကျော်တွင် PPDF မှ နွေဦးအဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“မြို့အဝင်ဆိုင်းဘုတ်မှာ စာတန်းချိတ်ပြီး ဒီကောင်တွေကို မျှားခေါ်လိုက်တာ”ဟု ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၅)PPDF မှ ရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျမသိရသေးဘဲ စုံစမ်းဆဲဖြစ်ကြောင်း ၎င်းရဲဘော်က ဆက်ပြောသည်။
တိုက်ခိုက်မှုအတွင်း PPDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးဝေးနေထိုင်ကြရန်နှင့် အိမ်စီးကားများဖြင့် စစ်ကောင်စီ၏ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများ သယ်ဆောင်ခြင်းမပြုကြရန် သတိပေးထုတ်ပြန်ထားသည်။
