ပဲခူးတိုင်း ပေါင်းတည်မြို့နယ်တွင် အင်အား ၅၀ကျော်ဖြင့် ကျေးရွာများသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို နှစ်ရက်အတွင်းသုံးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၅) PPDF မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။
ဇူလိုင် ၂ရက်က ပေါင်းတည်မြို့နယ်၊ သစ်ပုတ် ကျေးရွာအုပ်စု၊ တောင်ခမောက်ရွာမှ ထွက်လာသော စစ်ကောင်စီတပ် အင်အား ၃၀ကျော်ပါ စစ်ကြောင်းနှင့် ပေါက်ပင်ကွင်းကျေးရွာမှထွက်လာသော အင်အား ၂၀ကျော်ပါ စစ်ကြောင်းပေါင်းမိပြီး ရစ်မတောင်ဘက်သို့ ထွက်လာစဉ် ယင်းနေ့နံနက် ၈နာရီခန့်၌ PPDF မှ နွေဦးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုကို ရစ်မတောင်၏ မြောက်ဘက်တောင်ကြောပေါ်တွင် စစ်ကောင်စီစစ်ကြောင်း၏ ရှေပွိုင့်အား မိုင်းကွင်းထဲအရောက်၌ မိုင်းဆွဲခဲ့ခြင်းဖြစ်သည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပြီး မိုင်းဆွဲတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်အန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း PPDFမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
အလားတူ အဆိုပါစစ်ကြောင်းမှ အင်အား ၃၀ဝန်းကျင်သည် ရစ်မတောင်ကြောမှတဆင့် တောင်ခမောက်ဘက်သို့ ဇူလိုင် ၃ရက်တွင် ဆက်ထွက်လာရာ ယင်းနေ့နံနက် ၉ နာရီခန့်၌ PPDF တပ်ဖွဲ့မှ တပ်စိတ်တစ်ခုက နောက်မှနေ၍ လိုက်လံပစ်ခတ်စဥ် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။
“မိုင်းဆွဲခံရပြီး ထပ်တက်လာတာမှာ ကျနော်တို့က နောက်ကနေ အပိုင်လိုက်ဆော်တာ။ တစ်ယောက်တော့ ကျိန်းသေတယ်”ဟု ပြည်ခရိုင် တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၅) PPDF မှ တာဝန်ရှိသူက ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်စစ်ကြောင်းသည် တောင်ကြောများအတိုင် ပဲခူးရိုးမဘက် ဆက်သွားမည်လုပ်ရာ ယမန်နေ့(ဇူလိုင် ၃)ညနေ ၄ နာရီခန့်တွင် PPDF မှ တပ်စိတ်နှစ်ခုပေါင်းပြီး လမ်းတစ်လျှောက်လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိ ခိုက်သေဆုံးရှိနိုင်သော်လည်း အတိအကျမသိရသေးပေ။
“ညနေ ၄နာရီလောက် မိုးရွာနေတဲ့အချိန် ကျနော်တို့နှစ်ဖွဲ့ပေါင်းပြီး သွားထပ်ဆော်သေးတယ်။ သူတို့ဘက်က အင်အား ၃၀ ထက်တော့များမယ်ထင်တယ်။ အထိအခိုက်မသိရသေးဘူး”ဟု PPDF မှ တာဝန်ရှိသူက ရှင်းပြသည်။
အထက်ပါ တိုက်ခိုက်ခံရမှုများကြောင့် စစ်ကောင်စီတပ်ဘက်မှ အင်အားထပ်မံဖြည့်တင်းနေပြီး စစ်ရေးပြင်နေသဖြင့် ထိတွေ့တိုက်ပွဲများ ဆက်ရှိလာနိုင်ကြောင်း PPDFက အသိပေးသည်။
