အရေးပေါ် အကူအညီ လိုအပ်နေသူတွေဆီ ထောက်ပံ့ရေး ပစ္စည်းတွေ မရောက်နိုင်အောင် စစ်ကောင်စီက ပိတ်ပင်နေတာဟာ သူတို့ ကျူးလွန်နေတဲ့ နောက်ထပ် စစ်ရာဇဝတ်မှု တခုလို့ ယူဆနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းလိုက်ချိန် ကတည်းက စစ်ကောင်စီဟာ ကဏ္ဍအားလုံးကို လိုက်လံ ပိတ်ဆို့ ထိန်းချုပ်ဖို့ ကြိုးစားနေကြောင်း၊ ပြည်တွင်းမှာ အခြေခံ လိုအပ်ချက်တွေ၊ အခွင့်အရေးတွေ ရရှိဖို့ စောင့်မျှော်နေတဲ့ ပြည်သူလူထုအတွက် အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှုတွေ လိုအပ်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာက ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီ တပ်သားတွေဟာ စားနပ်ရိက္ခာ သိုလှောင်တဲ့ နေရာတွေ၊ ဆေးပေးခန်းတွေကို မီးရှို့တာတွေ၊ သောက်ရေတွင်းတွေကို ဖျက်ဆီးပစ်တာတွေကို ကျူးလွန်နေတဲ့အပြင် ရွာမှာ လယ်စိုက်ဖို့ အရဲစွန့်ပြီး ပြန်လာတဲ့ ရွာသား ၃ ဦးကိုတောင် သတ်ဖြတ်ပစ်ခဲ့ဖူးတယ်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းနေရသူတွေနဲ့တခြား အခက်အခဲတွေ ရင်ဆိုင်နေရသူတွေကို ကူညီပေးနေသူ ၄၀ လောက်ဟာလည်း စစ်တပ် အာဏာသိမ်းတဲ့ ဖြစ်စဉ်နောက်ပိုင်းမှာ သေဆုံးခဲ့ကြပြီး တချို့ဟာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုတွေကို ခံခဲ့ရတာလို့ ဆိုပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ အတောအတွင်း ဒုက္ခကြုံနေတဲ့ ပြည်သူတွေဆီ နိုင်ငံတကာက ပံ့ပိုးတဲ့ လူသားချင်း စာနာမှု အထောက်အပံ့တွေကို ပိတ်ပင်တာ၊ ငြင်းဆိုတာဟာလည်း တရားမဲ့ သတ်ဖြတ်မှု၊ နှိပ်စက်ညှင်းပန်းမှုစတဲ့ လုပ်ရပ်တွေနည်းတူ စစ်ရာဇဝတ်မှု အနေနဲ့ သတ်မှတ်နိုင်ကြောင်း အဲဒီ အစီရင်ခံစာက ထောက်ပြသွားပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဖြစ်တဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းမှုကို အကြောင်းမပြန်ဘူးလို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ အာဏာသိမ်း စစ်တပ်နဲ့ လက်အောက်ခံ အဆွယ်အပွား အင်အားစုတွေ လက်ချက်ကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၃၄၅၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၁၈၀၇ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။
တချိန်တည်းမှာပဲ အကူအညီတွေ အပူတပြင်း လိုအပ်နေတဲ့ ဒေသတွေဆီ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်မှုမှာလည်း ဖမ်းဆီးတာ၊ နှောင့်ယှက်တာ၊ နိုင်ထက်စီးနင်း ဆက်ဆံတာမျိုး ကိစ္စတွေ ကြုံနေရပြီး တချို့အခြေအနေတွေမှာ အသက်ဆုံးရှုံးတာတွေထိ ဖြစ်လာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရာဗင်နာ ရှမ်ဒါဆာနီက သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံလောက်နဲ့ ညီမျှတဲ့ လူပေါင်း ၁၇ သန်းလောက်ဟာ အထောက်အပံ့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း လောလောလတ်လတ် အနေနဲ့ မေလတုန်းက ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်တိုက်ခတ်သွားတဲ့ ဒေသတွေကိုတောင် ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်နိုင်ဖို့အတွက် ကုလသမဂ္ဂရဲ့ အေဂျင်စီတွေဟာ အာဏာသိမ်း စစ်တပ်ရဲ့ အဆင့်ဆင့် ကန့်သတ် ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
UNHCR ရဲ့ ဇွန်လဆန်းပိုင်းစာရင်းတွေအရ နိူင်ငံတစ်ဝန်းထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် အရအတွက်က ၁ ဒသမ ၈ သန်းကျော်နေပြီလို့ဆိုပါတယ်။ဒါပေမယ့် မြေပြင် မှာစစ်ဘေးရှောင်တွေကို ကူညီရေးလုပ်ပေးနေတဲ့အဖွဲ့တွေက UN ရဲ့စာရင်းဟာ မြပြင်က တစ်ကယ့်စာရင်းထက် ပိုနည်းနေတယ်လို့ ပြောကြပါတယ်။
