မြို့ပြပြောက်ကျားအဖွဲ့များအား ပြည်သူများ၏ထောက်ပံ့မှုလျော့ကျလာသောကြောင့် စစ်ဆင်ရေးများပြုလုပ်ရန် ခက်ခဲမှုများရှိလာကြောင်း မန္တလေးမြို့မှ မြို့ပြပြောက်ကျားအဖွဲ့များက ပြောသည်။
“လက်ရှိထောက်ပံ့မှုအနေအထားက အတော်လေး လျော့လာပါတယ်၊ ပြည်သူလူထုရဲ့ သဘောသဘာဝပုံစံက မစ်ရှင်ကြားပြီဆိုမှ အပြေးလှူကြတာမျိုးတွေ ရှိလာပါတယ်။တကယ်တမ်း မြို့ပြပြောက်ကျား စစ်ဆင်ရေးဟာ အချိန်အခါ တိကျသေချာဖို့ တော်တော်လေး အချိန်ယူပြင်ဆင်ရပါတယ် “ဟု အောင်စည်တော်စစ်ဆင်ရေး မန္တလေး (AST-MDY)၏ တာဝန်ရှိသူက ပြောသည်။
အောင်စည်တော်စစ်ဆင်ရေး မန္တလေးသည် သုံးလအတွင်း စစ်ဆင်ရေး ၂၂ ကြိမ်လုပ်ဆောင်ထားသည့် အဖွဲ့ဖြစ်သည်။
ထို့အတူ ယခုရက်ပိုင်းအတွင်း စစ်ဆင်ရေးများပြုလုပ်နေသည့် No More Dictatorship People Defence Force- NMD အဖွဲ့မှ တာဝန်ရှိသူကလည်း “တော်တော်နည်းတယ်ဗျ။ အရင်က MDY mediaတွေက လစဥ်ထောက်တယ် ။ ခု သူဟာနဲ့သူဆိုတော့ ကိုယ့်ဘာသာအသိတွေ အကူညီတောင့် ရန်ပုံငွေ ရှာရတာပေါ့။ဒီလဆို တော်တော်ကျပ်တယ် လက်ထဲ ဘာမှမကျန်တော့ဘူး ” ဟု ပြောသည်။
ထောက်ပံ့ငွေရရှိမှုမှာ ယခင်ထက် ထက်ဝက်ခန့်လျော့သွားသည့်ပြင် မေလအတွင်းက မစ်ရှင် ကိုးကြိမ်ပြုလုပ်ခဲ့ရာ ကုန်ကျစရိတ် များခဲ့သောကြောင့် ပုံမှန်ထက် ခက်ခဲလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ပြည်တွင်းကပါဝင်မှုသိသိသာသာနည်းသွားတယ် စကစနဲ့ စိတ်ဓာတ်စစ်ဆင်ရေး လို့ပြောလို့ရမလားမသိဘူး။ ထောက်ပို့အဖမ်းပြရင် Kpay မိတယ်။ ဘာညာသတင်းကျယ်ပြန့်အောင်လုပ်ပြီးအကြောက်တရားထည့်တက်တယ်။ပြည်သူတွေပါဝင်မှုနည်းပါးတဲ့ထဲမှာ အဲ့လိုအချက်တွေလည်းပါတယ်”ဟု မြနန္ဒာစစ်ဆင်ရေး မန္တလေး၏ တာဝန်ရှိသူက ပြောသည်။
မြို့ပြရဲဘော်များ လုံခြုံစွာ နေထိုင်စားသောက်နိုင်ရန်နှင့် လက်နက်ဖြည့်တင်းရေးအတွက် ရန်ပုံငွေသည် အဓိကလိုအပ်ချက်ဖြစ်ပြီး ယင်းအရာများ ပြည့်စုံမှသာ စစ်ဆင်ရေးများကို အောင်မြင်အောင်လုပ်နိုင်မည်ဟု AST-MDY ၏ တာဝန်ခံက ပြောသည်။
“လုပ်ဆောင်ချက်တွေ ထိရောက်ဖို့ကျွန်တော်တို့ဘက်က တာဝန်ယူနိုင်ရင် ပြည်သူဘက်က ပံ့ပိုးကူညီမှုပိုင်းကို ပိုကြိုးစားကူညီကြစေချင်ပါတယ်”ဟု ၎င်းက မေတ္တာရပ်ခံသည်။
ပြည်သူများ၏ထောက်ပံ့မှုနှင့် ရပ်တည်နေရသည့်အဖွဲ့များ ဖြစ်သောကြောင့် ထောက်ပံ့မှုများ ဆက်လက်လျော့ကျနေပါက မြို့ပြ စစ်ဆင်ရေးများလည်း တဖြည်းဖြည်း လျော့နည်းလာနိုင်ကြောင်း NMD မှ တာဝန်ရှိသူက ပြောသည်။
“လုံလောက်တဲ့ ငွေကြေးမရရှိတော့ စစ်ဆင်ရေးဖော်ဆောင်ဖို့ ခက်ခဲကြန့်ကြာပြီး အချိန်အခါကောင်းတွေလွဲသွားတာတွေအများအပြားရှိခဲ့တယ်”ဟု လက်ရှိအချိန်အထိ မြို့ပြစစ်ဆင်ရေး ၃၀ ကျော်လုပ်ဆောင်ထားသည့် မြနန္ဒာစစ်ဆင်ရေးမန္တလေး၏ တာဝန်ရှိသူက ပြောသည်။
ပြည်သူများ၏ ကူညီထောက်ပံ့မှုမှာ စစ်အာဏာရှင်ကိုဖြုတ်ချနိုင်ရန်အတွက် အလွန်အရေးကြီးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)၏ စစ်ဦးစီးအဖွဲ့ဝင် ကိုမုန်တိုင်းကPeople’s Spring နဲ့ သီးသန့်အင်တာဗျူးတွင်ပြောကြားခဲ့သည်။
“အတိုချုပ်ပြောရရင်ကျွန်တော်တို့ရဲ့ အသက်တွေ ဘ၀တွေက ပြည်သူတွေရဲ့ လက်ထဲမှာပဲရှိပါတယ်။ ပြည်သူတွေရဲ့ ကူညီပံ့ပိုးမှုတွေ ရပ်လိုက်တာနဲ့ တစ်ပြိုင်တည်း ကျွန်တော်နော်တို့ တော်လှန်ရေးရပ်သွားမယ်။ တက်နိုင်သမျှ ဒီတော်လှန်ရေးကြီးကို အမြန်ဆုံးပြီးနိုင်ဖို့အတွက် တက်နိုင်သမျှ ကူညီပံ့ပိုးပေးကြပါ။ ကျွန်တော်တို့ ပြည်တော်ဝင်ပရောဂျက်လိုဟာမျိုး တွေမှာ တက်နိုင်သမျှ ပူးပေါင်းပါဝင်ပေးကြပါ”ဟု ကိုမုန်တိုင်းက တော်လှန်ရေးတွင် ပြည်သူလူထု၏ ကူညီပံ့ပိုးမှုအရေးကြီးပုံကိုပြောသည်။
MDY PDFသည် ယခင်က Mandalay Special TaskForce(MSTF) အမည်ဖြင့် ၂၀၂၁ ဧပြီလမှ ၂၀၂၂ နိုဝင်ဘာလအထိ့မန္တလေးမြိုတွင် မြို့ပြစစ်ဆင်ရေးပေါင်း ၃၅၀ ကျော်ပြုလုပ်ခဲ့သည်။၂၀၂၃ ခုနှစ်ထဲတွင် မန္တလေးမြို့လယ်တွင် စစ်ကောင်စီခန့်ဝန်ကြီးချုပ်ယာဥ်တန်းကိုတိုက်ခိုက်ခဲ့သည်။
“၂၀၂၁ လေး(ဧပြီ)လပိုင်း လောက်ကနေ ၂၀၂၂ ခုနှစ် ၁၁လပိုင်းလောက်အထိ မစ်ရှင်ပေါင်း စုစုပေါင်း ၃၅၀ ကျော်လောက်ထိ လုပ်ဖြစ်တယ်။ တချို့မစ်ရှင်တွေက ကြီးကြီးကျယ်ကျယ် မစ်ရှင်တွေပါတယ်။ ဒါပေမဲ့ တက်နိုင်သမျှ သိုသိုသိပ်သိပ်ပဲ လှုပ်ရှားဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် အများစုက မသိကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူလူထုကို စတင်ပြီးတော့ MDY-PDFကို ချပြပြီးနောက်ပိုင်းမှာမှ မီဒီယာနဲ့ကအစ ကျွန်တော်တို့တွေ စစ်ရေးသတင်းထုတ်ပြန်မှုတွေကို ပြန်ပြီးလုပ်လာတယ်ပေါ့။ အဓိကတော့ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ကိုလုပ်ကြံတဲ့စစ်ဆင်ရေး လိုဟာမျိုးက တကယ်တန်းပြောရရင် ကျွန်တော်နော်တို့ရဲ့ မြို့ပြစစ်ဆင်ရေးတွေလျှို့ဝှက်စစ်ဆင်ရေးတွေထဲက တစ်ခုကို ချပြတာ။ နောက်ထပ်စစ်ဆင်ရေးတွေလည်း အများကြီး လုပ်ဖို့ရှိပါသေးတယ်။ — ။ဒီနှစ်ထဲမှာ မြို့ပြစစ်ဆင်ရေးနဲ့ပတ်သက်ပြီး အသံတွေ ကျယ်ကျယ်လောင်လောင်ကြားရပါအုံးမယ်။ အဲဒီလိုပဲ ဝန်ကြီးချုပ်ကို လုပ်ကြံတဲ့ စစ်ဆင်ရေးလိုဟာမျိုးနောက်ထပ်လည်း ထပ်လာပါအုံးမယ်”ဟု ကိုမုန်တိုင်းက People’s Spring နှင့် မေးမြန်ခန်း
တွင် ပြောကြားသည်။
ထို့ကြောင့်ပြည်သူများအနေဖြင့် ၎င်းတို့အဖွဲ့များ၏ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျ ၊ တယ်လီဂရန်ချန်နယ်များမှ ဆက်သွယ်၍ လုံခြုံစွာလှူဒါန်းနိုင်ကြောင်း အထက်ပါတာဝန်ရှိသူများက ပြောသည်။
“ငွေကြေးအခက်အခဲကြောင့် ငြိမ်နေရတယ်ဆိုတာ ကျနော်တို့မြို့အတွက် ရှက်စရာလို့ထင်မိပါတယ်၊အကြောက်တရားတွေကို ချိုးဖျက်ကြပါ။ အာဏာ ရှင်တွေက အကြောက်တရားနဲ့ နှစ်ပေါင်း ၆၀ ကျော်အုပ်ချုပ်လာတာပါ။ထပ်ပြီး ကြောက်နေရင်စစ်ကျွန်အဖြစ်မခံကြပါနဲ့ ကြောက်ခေတ်ကိုမှောက်ပစ်ပါ”ဟု မြနန္ဒာစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။
