အိန္ဒိယနဲ့ နိုင်ငံသုံး ငွေကြေးယူနစ်တွေ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်ကို ဇွန်လကုန်မှာ အပြီးသတ် ရရှိနိုင်ဖို့ မျှော်လင့်ကြောင်း စစ်ကောင်စီကခန့်အပ်ထားတဲ့ စီးပွားရေး ဝန်ကြီးက ပြောပါတယ်။
တစ်ဖက်မှာလည်း အိန္ဒိယ အစိုးရက ရူပီးငွေနဲ့ ကျပ်ငွေကြား ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်တွေ အတည်ပြု ရေးဆွဲနိုင်ရေး အရှိန်မြှင့်ဖို့ တောင်းဆိုလာခဲ့ပါတယ်။ အိမ်နီးချင်း နှစ်နိုင်ငံကြားနိုင်ငံသုံးငွေကြေးယူနစ်တွေကိုအသုံးပြုမယ့် ကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုတွေရဖို့ အစောပိုင်း ကတည်းကညှိနှိုင်းနေကြတာ ဖြစ်တယ်ဆိုပါတယ်။
စရ်ကောင်စီစီးပွားရေးဝန်ကြီး ဦးအောင်နိုင်ဦးက ရူပီးနဲ့ ကျပ်ငွေ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုတွေကို နှစ်နိုင်ငံကြား ဇွန်လကုန်လောက်မှာ အပြီးသတ် ဆွေးနွေး အတည်ပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
အခုသဘောတူညီမှု အထမြောက်ခဲ့မယ်ဆိုရင် စစ်တပ်ကအာဏာသိမ်းမှုကြောင့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ ခံထားရတဲ့ စစ်ကောင်စီဟာ အိန္ဒိယနဲ့ ကုန်သွယ်ရေးကို နှစ်ဆ တိုးမြှင့်နိုင်မယ်လို့ ဆိုပါတယ်။
၂၀၂၁ ကတည်းက အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ခံခဲ့ရတာကြောင့် တခြားနိုင်ငံတွေဆီ ငွေကြေး လွှဲပြောင်း ပေးချေမှုတွေ ပြုလုပ်တဲ့အခါ ဒေါ်လာကို အသုံးပြုဖို့ စစ်ကောင်စီဟာအခက်အခဲတွေ ဖြစ်လာကြောင်း ဝန်ကြီးကဆိုပါတယ်။
အိန္ဒိယနဲ့ ညှိနှိုင်းမှုအရ မြန်မာဟာအိန္ဒိယဖက်ကိုတင်ပို့မယ့် ကုန်စည်တွေအတွက်ငွေကြေး ပေးချေမှုကို ရူပီးငွေနဲ့ လက်ခံမှာ ဖြစ်သလို အိန္ဒိယဆီကသွင်းကုန်တွေ အတွက်လည်း ရူပီးငွေနဲ့ ပြန်လည် ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။ လက်ရှိဈေးကွက်ထဲမှာ အိန္ဒိယ ၁ ရူပီဟာ မြန်မာကျပ် ၂၅ ကျပ်ခွဲဝန်းကျင်ငွေလဲနှုန်းရှိပါတယ်။
စစ်ကောင်စီဟာဒေါ်လာလိုအပ်ချက် ကြီးမားတာကြောင့် တရုတ်နဲ့ကုန်သွယ်ရေးမှာလည်း ဒေါ်လာအစား ယွမ်ငွေကို အစားထိုးဖို့ကြိုးစားနေပါတယ်။ တရုတ်ယွမ်ငွေပြီးရင် ရူပီငွေဟာ စစ်ကောင်စီလက်ထက် ကုန်သွယ်ရေးမှာအသုံးပြုဖို့ကြိုးစားတဲ့ ဒုတိယမြောက်နိုင်ငံခြားငွေဖြစ်လာပါတယ်။
အိန္ဒိယနဲ့ မြန်မာ ဗဟိုဘဏ်တွေကြား အကျေအလည် ဆွေးနွေးနေမှုတွေဟာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ရှေ့ဆက်နေပြီး လကုန်ပိုင်းလောက်မှာ အပြီးသတ် သဘောတူညီမှု ရရှိမယ်လို့လည်း ဦးအောင်နိုင်ဦးက မှတ်ချက် ပေးသွားခဲ့ပါတယ်။
အိန္ဒိယဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး အဆင့် ၁၁ နေရာမှာ ရှိနေပြီး ဒေါ်လာ ၇၇၁ သန်းဖိုးလောက်ရင်းနှီးထားကြောင်း သိရပါတယ်။
နောက်ပြီး မနှစ်တုန်းက အိန္ဒိယဟာ မြန်မာရဲ့ အဓိက ကုန်သွယ်ဖက် နိုင်ငံတစ်ခု ဖြစ်လာပြီး မြန်မာဖက်ကို ဒေါ်လာ သန်း ၈၂၀ ဖိုး ကုန်စည်တွေ တင်ပို့ခဲ့သလို မြန်မာနိုင်ငံက ထုတ်ကုန်တွေ ဒေါ်လာ သန်းပေါင်း ၅၄၀ ဖိုးလောက် ဝယ်ယူခဲ့တယ်လို့လည်းဆိုပါတယ်။
အိန္ဒိယဆီ အဓိက တင်ပို့ခဲ့တဲ့ ပစ္စည်းတွေကတော့ သတ္တုရိုင်းတွေ၊ ရာဘာကုန်ကြမ်းတွေ၊ အထပ်သားတွေ၊ ငါး၊ ပဲနီလေးနဲ့ အထည်အလိပ်တွေ ဖြစ်ပါတယ်။ အိန္ဒိယကတော့ မြန်မာဖက်ကို ဆေးဝါးတွေ၊ ဓာတ်ဆီတွေ၊ ဓာတုပစ္စည်းတွေ၊ စက်ယန္တရားတွေ၊ ကော်ဖီနဲ့ လက်ဖက်ခြောက်တွေအဓိက တင်သွင်းခဲ့ပါတယ်။
စစ်ကောင်စီလက်ထက်မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်ရေးကဏ္ဍတစ်ခုလုံးမှာ အိန္ဒိယရဲ့ ပတ်သက်ဆက်နွှယ်မှုက ၅ ရာခိုင်နှုန်းထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ကိုးကား-CNA ၊The Economic Times
