ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် ထဲက ဟက်ကာကျေးရွာမှာ နေအိမ်ပေါ် အုတ်တံတိုင်းပြိုကျပြီး မိသားစုဝင် ၄ ဦးသေဆုံးသွားတဲ့ဖြစ်ရပ် ဒီနေ့မနက်အစောပိုင်းကဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့မနက်အစောပိုင်း ၁ နာရီခွဲခန့်က အုတ်တံတိုင်းပြိုကျတာလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့တဲ့ လူမှုကူညီရေးအသင်းထံကသိရပါတယ်။
ခြံစည်းရိုးအုတ်တံတိုင်းနား ကပ်ဆောက်ထားတဲ့. သွပ်မိုး ၊ထရံကာ တစ်ထပ်အိမ်ပေါ် အုတ်တံတိုင်းပြိုကျချိန်မှာတော့ မိသားစုဝင်တွေ အိပ်မောကျနေချိန်လည်းဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်မှာ အသက် ၄၀ အရွယ် မိခင်နဲ့အတူ ၁၀ နှစ်ဝန်းကျင် ကလေး ၃ ဦး သေဆုံးသွားတယ်လို့သိရပါတယ်။
“အုတ်တံတိုင်းကအတန်းလိုက်ပြိုကျတာ “လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတစ်ဦးကပြောပါတယ်။
အုတ်တံတိုင်းပြိုကျရတဲ့အကြောင်းရင်းဟာ မနေ့ ဇွန်လ ၉ ရက်ညပိုင်းက မိုးကြီးခဲ့ပြီးနောက်မြေသားပျော့ကျရာက ပြိုကျသွားတာဖြစ်နိုင်တယ်လို့ ဒေသခံအချို့က သုံးသပ်ကြပါတယ်။
