စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ တောချောင်းဦးနယ်မြေရဲစခန်းကို မဟာမိတ်(၁၃)ဖွဲ့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီ၏ စစ်သားနှင့် ရဲ ၉ ဦးသေဆုံးကြောင်း Youth Revolution AttackForce (YRAF)အဖွဲ့က ပြောသည်။
ဇွန်လ ၆ ရက် နေ့လယ် ၂ နာရီကျော်က မြင်းမူမြို့နယ်၊ တောချောင်းဦးကျေးရွာ နယ်မြေ ရဲစခန်းအား ညီနောင်မဟာမိတ် (၁၃)ဖွဲ့က ဝေဟင်၊ မြေပြင်ပူးပေါင်းကာ ဒရုန်းဗုံးသီးများ၊ လက်နက်ငယ်၊ လက်နက်ကြီးများအသုံးပြု၍ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း Youth Revolution AttackForce YRAFအဖွဲ့က ပြောသည်။
ညနေ ၄ နာရီခွဲတွင် စခန်းအတွင်းရှိ ဘန်ကာ (၉)ခုအနက် (၅)ခု ဖြိုချပြီးနောက် စခန်းအား အပြီးအသတ် ဝင်ရောက်သိမ်းပိုက်နိုင်သည့်အခြေအနေ ရောက်ရှိခဲ့ကြောင်း၊ သို့သော် တံတားဦးလေတပ်မှ MIG-29 Jet Fighterဖြင့် ဗုံးသုံးလုံး ကြဲချကာ လေကြာင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ၄၅မိနစ်ခန့် ပျံဝဲပေးနေသောကြောင့် ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း YRAFအဖွဲ့က ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စခန်းမှူးအပါအဝင် စစ်သားနှင့်ရဲ ၉ ဦး နေရာတွင်သေဆုံးပြီး ငါးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း၊ မဟာမိတ်အဖွဲ့များမှ ရဲဘော် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း YRAFအဖွဲ့က ဆိုသည်။
“စခန်းသိမ်းတိုက်တာကျ မီးပုလင်းပါတယ်။ အလောင်းဘာညာလည်း မျက်မြင်တွေ့ရတယ်။ ဘန်ကာထဲကနေ အခြားဘန်ကာကို အကူးမှာ လက်နက်ကြီးနဲ့လှမ်းပစ်တာ ကွက်တိကျပြီး သေသွားတဲ့သူတွေလည်း မျက်မြင်တွေ့ခဲ့ရတယ်ဗျ။ ဂျက်ဖိုက်တာလည်းအရောက် ကျွန်တော်တို့လည်းရွာပြင်အရောက် ကွက်တိပဲ။ ဂျက်ဖိုက်တာက သုံးကြိမ်ကြဲတာ”ဟု YRAFအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း YRAFအဖွဲ့မှ အခြား ရဲဘော်တစ်ဦးက ပြောသည်။
“စခန်းမတိုင်ခင်ကတည်းက အတွင်းသတင်းရတာပေါ့။ သူတို့မှာ ဘန်ကာဘယ်နှစ်ခု၊ သေနတ်ဘယ်နှစ်လက်၊ လူအင်အား ၂၂ယောက်ရှိတယ်ဆိုပြီး ရတာပေါ့”ဟု ၎င်းက ပြောသည်။ ထို့အပြင် စစ်ကောင်စိတပ်သားများ သေဆုံးမှုမှာ မျက်မြင်အပါအဝင် သတင်းပေးမှုကြောင့် အတည်ပြုနိုင်ခဲ့ခြင်းဟု ၎င်းက ဆက်ပြောသည်။
“လေကြောင်းပစ်ကူပေးတာကြောင့် စခန်းအတွင်းထိဝင်မရခဲ့ပါဘူး။”ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် မြစ်ငယ် PDFအဖွဲ့ တာဝန်ခံက ပြောသည်။
သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအပေါ် လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ဆင်ရေးကို Youth Revolution Attack Force (YRAF)၊ Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)၊Black Eagle Drone Force-MMU (Black Eagle Drone တပ်ခွဲ)၊မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ T.G.R Women Drone force၊ ကျောက်ဆည်ခရိုင် တပ်ရင်း(၂)၊ မြင်းမူလျှပ်စီး ပျောက်ကြားတပ်ဖွဲ့၊ Delta Force၊ မန္တလေးခရိုင်တပ်ရင်း(၅) တပ်ခွဲ(၂) MN PDF(မြစ်ငယ်)၊ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)၊ Ah Nyar Myay Special Commando Defense Force၊ Brave Heart Army (Monywa)၊ Myinmu Local Defence Force စသည့်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
