မန္တလေးတိုင်း တောင်သာမြို့မှ စစ်ထောက်လှမ်းရေးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပစ်ခတ်၍ သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။
တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ် ၊အင်ကျင်းသာရွာမှ စစ်မှူထမ်းဟောင်းစစ်ထောက်လှမ်းရေးလှမိုးသည် ဇွန်လ ၄ရက် ညနေတွင် ၎င်း၏နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်ဟုသိရသည်။
” လှမိုးက စစ်ထောက်လှမ်းရေး။ ရပ်ကွက်ကို တော်တော်လေးဒုက္ခပေးတာ။ PDF ရဲဘော်တွေ လာပစ်သွားတာ” ဟု အင်ကျင်းသာရွာ ဒေသခံတစ်ဦးက People’s Spring သို့ပြောသည်။
လှမိုးကိုမြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)ရဲဘော်များနှင့်BGF-Burmese Guerrilla Forceအဖွဲ့မှပစ်ခတ်ရှင်းလင်းခဲ့သည်ဟု မြင်းခြံ ခရိုင်တပ်ရင်း အမှတ်(၃)ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပေါ့ဘာကလည်းပြောသည်။
ထိုအပြင်လှမိုးကိုင်ဆောင်သောကာဘိုင်M1 သေနတ်တစ်လက်ကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲ ဘော်များအထိခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟုရဲဘော်ပေါ့ဘာကဆက်ပြောသည်။
တောင်သာမြို့နယ်အတွင်းတွင်ယခုရက်ပိုင်း တိုက်ပွဲများဖြစ်နေသည်။ တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာတွင် ဇွန်လ ၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ခဲ့သည်။ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ခုနစ်ဦးထက်မနည်းသေဆုံးခဲ့သည်ဟုတော်လှန်ရေးအင်အားစုများကပြောသည်။
ထို့အပြင်မေလ ၂၂ရက်ကလည်း တောင်သာမြို့နယ်မှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအစောင့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့တင် လေးဦး သေဆုံးသွားခဲ့သည်။
စစ်ကောင်စီတပ်က တောင်သာမြို့နယ်တွင် ပျူစောထီးများကိုစစ်သင်တန်းပေး၍ ပျူများမွေးမြူရန် လုပ်ကိုင်နေသဖြင့်ဒေသခံပြည်သူများကို ပျူများနှင့်ဝေးဝေးနေကြရန်၊ ပျူရွာများဖြစ်လာပါက ထိုရွာများသည် စစ်မြေပြင်ဖြစ်လာနိုင်ကြောင်း တောင်သာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကသတိပေးထားသည်။
