ရှမ်း – ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် လုံခြုံရေးဂိတ်ကို စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ယနေ့(ဇွန် ၁ ရက်)နံနက်ပိုင်းက စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် ဗုံးနှစ်လုံးကြဲရတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
“မိုးဗြဲ-ပီကင်းလမ်းပေါ်မှာရှိတဲ့ ကယန်းပြည်သစ်ပါတီ / ကယန်းပြည်သစ်တပ်မတော် (KNLP/KNLA)ဂိတ်ကို မနက်လေးနာရီလောက်က ဗုံးကြဲသွားတာ”ဟု မိုးဗြဲအခြေစိုက်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
သို့သော် တိုက်ခိုက်မှုကြောင့် KNLA၏ ထိခိုက်မှုကို မသိရသေးပေ။အလားတူ KNLA ဘက်မှ လည်း တရားဝင် သတင်းထုတ်ပြန်မှု မတွေ့ရသေးပေ။

၂၀၀၉တွင် ပြည်သူ့စစ်အဖြစ်ပြောင်းသည်ဟု ကြေညာခံရသော်လည်း ပြည်သူ့စစ်ပုံစံမျိုး မရပ်တည်ဘဲ ကယန်းပြည်သစ်အနေနှင့်သာ KNLP/KNLA က ရပ်တည်ခဲ့သည်။
လက်ရှိ ကယန်းပြည်သစ်ပါတီ (KNLP)ဥက္ကဋ္ဌမှာ ဦးသန်းစိုးနိုင်ဖြစ်ပြီး ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (KNLRC)အား ဗိုလ်မှူးချုပ် အိုက်နော်ထားကတာဝန်ယူပြီး ကယန်းပြည်သစ်တပ်မတော် (KNLA)၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ် မြားနို ဖြစ်သည်။
ကယန်းပြည်သစ်ပါတီသည် ဆီဘူးတွင် အခြေစိုက်ပြီး အင်အား ၁,၀၀၀ ခန့်ရှိနိုင်ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ခန့်မှန်းထား သည်။
လက်ရှိအချိန်ထိ ကရင်နီတော်လှန်ရေး အင်အားစုများနှင့် အတိအလင်း ပူးပေါင်းခြင်းမရှိသကဲ့သို့ အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းခြင်းလည်း မတွေ့ရသေးပေ။
