ဆန်ဈေးကွက်အတွင်း သိုလှောင်သူများနှင့်ပြည်ပသို့ပိုမိုတင်ပိုခွင်ပြုနေသောကြောင့် မိုခါမုန်တိုင်းအပြီးတွင် ပြည်တွင်းဆန်ဈေးမှာ မကျဘဲအတက်ဈေးတွင် ဆက်လက်ရှိနေကြောင်း ဆန်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ဆန်ဈေးသည် လက်ရှိတွင် အမြင့်ဈေးတွင် ဆက်လက်တည်ရှိနေပြီး ဈေးကွက်မှ ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၁၂၀,၀၀၀ ၊ ဆန်ချောတအိတ်ကို ကျပ် ၁၀၀,၀၀၀ နှင့် ဆန်ကြမ်းတစ်အိမ်ကို ကျပ် ၈၅၀၀၀ အထိပေါက်ဈေးရှိနေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။
ထိုဈေးနှုန်းများသည် မေ ၁လဆန်းပိုင်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်ဟု ဆန်ကုန်သည်များကပြောသည်။
ထိုအပြင် လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် ဆန်စက်အချို့လည်ပတ်မှုနည်းလာပြီး ဆန်အဝင်နည်းခြင်းကြောင့်ဈေးကွက်အတွင်း ဆန်ဝင်ရောက်နည်းနေကြောင်းလည်း ဆန်စက်လုပ်ငန်းရှင်များကပြောသည်။
“အဓိက ဆန်လှောင်တဲ့သူတွေ ကြောင့် ဆန်ဈေးက မကျဘူးဖြစ်နေတာ၊ အခုလည်း အိမ်ထောင်စုအလိုက်ဝယ်ယူစုတာကော၊ ကုန်သည်တွေက ဝယ်လှောင်တာကောရှိနေတယ်”ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။
ဆန်စက်များ၊ ဆန်ကုန်သည်များနှင့် ဆန်အရောင်းဆိုင်များသည် ဆန်တန်ချိန် ၅၀၊ စပါးတင်း ၅၀၀၀ အထက် သိုလှောင်မည်ဆိုပါက မှတ်ပုံတင်စနစ်ကို ဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆောင်ရွက်သွားမည်ဟု အဆိုပါအသင်း ဥက္ကဌ ဦးရဲမင်းအောင်က ဆိုထားသည်။ မှတ်ပုံတင်ထားခြင်းမရှိပါက ကြပ်မတ်စစ်ဆေးပြီး အရေးယူသွားမည်ဟုလည်း ခြိမ်းခြောက်ထားသည်။ ဆန်သိုလှောင်မှုကိုထိန်းချုပ်ရန် ကြိုးစားနေသော်လည်း စစ်ကောင်စီကဆန်တင်ပို့မှုကိုမူ ထိန်းချုပ်မှုမရှိဘဲ များနိုင်သမျှရောင်းရန်လုပ်နေကြသည်။ ပြည်တွင်း၌ တိုက်ပွဲများ ၊စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီးအကြမ်းဖက်ဖျက်ဆီး၍ ဆန်စပါးစိုက်ပျိုးမှုနည်းသွားသော်လည်း စစ်ကောင်စီက ဆန်တင်ပို့မှုကို တိုးတင်ပို့နိုင်ရန် လုပ်နေသဖြင့်ဆန်ဈေးတက်ခြင်းဖြစ်ကြောင်းလည်း လုပ်ငန်းရှင်အချို့ကပြောသည်။
ဆန်စပါးအသင်းချုပ်ကထုတ်ပြန်ရာတွင် ၂၀၂၃ ဧပြီတလတည်းတွင်း ပြည်ပကို ဆန်နှင့် ဆန်ကွဲ မက္ကထရစ်တန်ချိန် ၈၇၆၄၈ တင်ပို့ခဲ့သည်ဟုဆိုထားသည်။ စစ်ကောင်စီက ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို ဆန်တန်ချိန် ၂၂ ဒဿမ ၆ သန်း တင်ပို့ခဲ့ပြီး ဒေါ်လာ သန်း ၈၅၆ ရရှိခဲ့သည်။ ယခုနှစ်တွင်လည်း ဆန်တန် ၂သန်းခွဲတင်ပို့ကာ ဒေါ်လာ တစ်ဘီလီယံရရှိရန် စစ်ကောင်စီက စီစဉ်ထားသည်။
လက်နက်နှင့် လေယာဥ်ဆီဝယ်ယူရန် ဒေါ်လာအမြဲလိုနေသော စစ်ကောင်စီက ပြည်ပတင်ပို့ရသမျှပို့ကုန်အများစုကို ယခင်ထက် ပို၍တင်ပို့ပြီးဒေါ်လာရှာရန်ကြိုးစားနေခြင်းဖြစ်ကြောင်းလုပ်ငန်းရှင်များကပြောသည်။ပို့ကုန်မှရသောဒေါ်လာအများစုကိုလည်း စစ်ကောင်စီက ဈေးနှိမ့်ဖွင့်ထားသောငွေလဲနှုန်းဖြင့် မလဲမနေရ လဲလှယ်ရန် စစ်ကောင်စီက လုပ်ငန်းရှင်များကိုဖိအားပေးနေသည်။
