မုန်တိုင်းဘေးသည် ကြိုတင်ကာကွယ်နိုင်သည့် သဘာဝဘေးဖြစ်သောကြောင့် ပြည်သူများ ထိန့်လန့်တုန်လှုပ်မနေဘဲ စနစ်တကျ တုန့်ပြန်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက တိုက်တွန်းသည်။
ထို့အပြင် စိုးရိမ်မှုမလွန်ကဲရန်၊ နေ့စဉ်မုန်တိုင်းသတင်းများကို စောင်ကြည့်ရန်မိုချာမုန်တိုင်းနှင့် ပတ်သက်၍ဒေါက်တာဝင်းမြတ်အေးက တိုက်တွန်းခြင်းဖြစ်သည်။
“မုန်တိုင်းဆိုတာက ကြိုတင်ကာကွယ်ဖို့အချိန်ရတယ်။ အလျင်အမြန် တုန့်ပြန်နိုင်တဲ့နည်းလမ်းတွေကိုရှာကြံထားဖို့ အချိန်ရတယ်။ အဲဒီအချိန်ကိုအကျိုးရှိရှိသုံးတတ်ဖို့လိုတယ်။ အချိန်ရခိုက်မှာ ဂရုစိုက်ဖို့လိုတယ်။ မုန်တိုင်းလို့ ပြောလိုက်တာနဲ့ပြာယာခတ်နေဖို့မလိုဘူး” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
မုန်တိုင်းသတင်းများအမှားများလည်း ထွက်ပေါ်နေ၍ လူထုကြား၌ စိုးရိမ်ထိန့်လန့်မှုများ တိုးနေပြီး ယင်းအခြေအနေကို ဝိုင်းဝန်းထိန်းသိမ်းပေးရန် NUGဝန်ကြီးက မေတ္တာရပ်ခံသည်။

လတ်တလောရာသီဥတုအခြေအနေမှာမေလ (၉) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန် ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီးမေလ(၁၀)ရက်နေ့တွင် မုန်တိုင်း ငယ်၊ မေလ(၁၁)ရက်နေ့တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ရောက်ရှိလာနိုင်သည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်ထားသည်။
မုန်တိုင်းလမ်းကြောင်းသည် မည်သည့်နေရာသို့ ဦးတည်မည်ကို ရှင်းရှင်းလင်းလင်းမရှိသေးသော်လည်းကမ်းရိုးတမ်းနှင့်ယှဉ်၍ မုန်တိုင်းဖြတ်သန်းချိန်တစ်လျောက်တွင် မုန်တိုင်းဗဟိုချက်လေဖိအားကျဆင်းမှုအပေါ်မူတည်ပြီးရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီကမ်းရိုးတန်း ဒေသများတွင် မုန်တိုင်းအရှိန်ကြောင့် ဒီရေတက်ခြင်းနှင့် မိုးသက်လေပြင်းကျရောက်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းMOHADMကသတိပေးသည်။
ထို့အပြင် မုန်တိုင်း၏သက်ရောက်မှုကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် တနင်္သာရီကမ်းရိုးတန်းတို့တွင်မိုးသက်လေပြင်းများကျရောက်ကာ တစ်နာရီ (၄၅) မိုင်မှ (၅၅) မိုင်နှုန်းဖြင့် လေတိုက်ခတ် နိုင်ပြီး လှိုင်းအလွန်ကြီးနိုင်ကြောင်း MOHADMက သတိပေးထားသည်။ မေလ ၁၀ရက်နောက်ပိုင်းမှ စတင်ကာ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည် နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု လည်းသတိပေးထားသည်။
လတ်တလောခန့်မှန်းချက်များအရ မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်ကို မေလ ၁၄ရက်ခန့်တွင် ဖြတ်ကျော်ဝင်ရောက်နိုင်ခြေရှိသည့်အတွက် ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးသက်လေပြင်းကျရောက်ခြင်း၊ နေရာကွက်၍မိုးကြီးခြင်း၊ မိုးများ ခြင်းနှင့်ဆက်စပ်၍ ကမ်းပြိုမြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ဒေသခံပြည်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ရန် တိုက်တွန်းထားသည်။ ထို့အပြင် ကမ်းနီးကမ်းဝေးရေလုပ်သားများအနေဖြင့် ပင်လယ်ပြင် ငါးဖမ်းထွက်ခြင်းကို ရှောင်ရှားသင့်သည်ဟု အကြံပြုထားသည်။
လက်ရှိအနေအထားအရသင်္ချာပုံစံ Model များအပေါ် အခြေခံ၍ ခန့်မှန်းချက်များထုတ်ပြန်ခြင်းဖြစ်ပြီး မုန်တိုင်းလမ်းကြောင်း၊ မုန်တိုင်း၏ပြင်းထန်နိုင်မှုနှင့် မုန်တိုင်းအန္တရာယ်ကျရောက်နိုင်မည့်ဒေသများကို ခန့်မှန်းရာတွင် အချိန်နှင့်အမျှ အပြောင်းအလဲများရှိနိုင်သည်ဟုသိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရကမိုးဇလပညာရှင်များ၏ အကူအညီဖြင့် မုန်တိုင်းအနေအထားပြောင်းလဲမှုများကိုစောင့်ကြည့်လျက်ရှိပြီး ပြောင်းလဲမှုများအပေါ် ထပ်မံအသိပေးထုတ်ပြန်မည်ဟုဆိုသည်။ မုန်တိုင်းသက်ရောက်နိုင်ခြေရှိသည့် ဒေသများမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့်တွေ့ဆုံ၍ အရေးပေါ်တုံ့ပြန်ရေးအတွက်ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများနှင့်ရပ်ရွာလူထုအသိပညာပေးလုပ်ငန်းများကိုလည်းဆောင်ရွက်နေသည်ဟု ဝန်ကြီးက အသိပေးသည်။
” နဂိုကမှ ဒုက္ခတွေကြားမှာ ရုန်းကန်နေရတဲ့ ပြည်သူတွေအတွက် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ မုန်တိုင်းဘေးဆိုတာ စနစ်တကျ တုန့်ပြန်ရင်ဆိုင်ဖို့လိုတယ်။ အထိန့်တလန့်တွေ ထပ်ဖြစ်လို့မရပါဘူး”ဟု ဝန်ကြီးကပြောသည်။
စစ်ဘေးရှောင် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများထံသို့လည်း မုန်တိုင်းသတင်းအခြေအနေများကို စဉ်ဆက် မပြတ်ပေးပို့ကာ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် မြေပြင်တာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ပြည်ထောင်စုအဆင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ကို အသင့်အနေအထား ပြင်ဆင်ထားပြီး မုန်တိုင်းအခြေအနေပေါ် မူတည်ကာ တုံ့ပြန်ရေးလုပ်ငန်းများ စီမံဆောင်ရွက်နိုင်ရန် ချိတ်ဆက်ပြင်ဆင်ထားရှိကြောင်းလည်း NUG ကသတင်းထုတ်ပြန်ထားသည်။
အိန္ဒိယမိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန (IMD)ကလည်း ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်တွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မေ၁၀ ရက်တွင် မုန်တိုင်းဖြစ်လာမည်ဟုခန့်မှန်းထားပြီး လတ်တလောတွက်ချက်မှုများအရ မုန်တိုင်းလမ်းကြောင်းမှာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်မှဦးတည်၍မုန်တိုင်းတိုက်ခတ်မည်ဟုသတိပေးထားသည်။
