မုန်တိုင်းကြောင့် ဆန်စပါးများကို စိုးရိမ်ပူပန်မှုဖြင့် ဝယ်ယူစုဆောင်းမှုများ မပြုရန် မြန်မာ့နိုင်ငံဆန်စပါးအသင်းချုပ်ယနေ့ထုတ်ပြန်လိုက်သော်လည်း ဆန်ဈေးများဆက်လက်မြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လာမည့် မိုချာဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြည်တွင်း၌ ဆန်စပါးလုံလောက်မှုရှိစေရန် အသိပေးထုတ်ပြန်ခြင်းဖြစ်သည်ဟုစစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆိုသည်။
ပြည်သူများအနေဖြင့် ဆန်စပါးကို စိုးရိမ်ပူပန်မှုဖြင့်ဝယ်ယူစုဆောင်းမှုများမပြုရန်နှင့်လိုအပ်သောပမာဏကိုသာ ဝယ်ယူကြရန် ဆန်စပါးသတင်းချုပ်မေ ၈ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဆန်ဈေးမှ မြင့်တက်နေပြီး ရွှေဘိုပေါ်ဆန်းတစ်အိမ်လျှင် ကျပ်တသိန်းမှ တစ်သိန်းနှစ်သောင်း အထိပေါက်ဈေးရှိပြီး ပေါ်ဆန်းမွှေးတစ်အိမ်ကို ကျပ် တစ်သိန်းခန့်ရှိနေသည်ဟု ဆန်ကုန်သည်များထံမှ သိရသည်။ ဆန်ကြမ်းတအိမ်လျှင် ကျပ် ၇၀၀၀၀ ကျော်အထိလည်းမြင့်တက်နေသည်။

ဆန်ဈေးမှ ပုံမှန်မြင့်တက်နေခြင်းဖြစ်ပြီး မုန်တိုင်းကြောင့် ဆန်ဈေးဆက်လက်မြင့်တက်နိုင်ကြောင်း ဆန်လက်လီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
“ဆန်တအိတ်လေးသောင်းကနေ ကိုသောင်းကျော်နေပြီ နောက်ပိုင်းလည်းထပ်တက်ဖို့ရှိနေတယ်။ လှောင်တဲ့သူလှောင်နေကြပြီ”ဟု ဆန်လက်လီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
ဆန်စပါးအသင်းချုပ်အနေဖြင့် ဝါဒဖြန့် ကြေညာချက်ထုတ်သည့်အပြင် လက်တွေ့ဆောင်ရွက်လိုအပ်ကြောင်းနှင့် မြေပြင်တွင် ဆန်ဈေးများမြင့်တက်နေသည်ကိုလည်း ဖြေရှင်းသင့်သည်ဟု ကမာရွတ်မြို့နယ်မှ အိမ်ရှင်မတစ်ဦးကပြောသည်။
နိုင်ငံရေးအခြေအနေနှင့် အထွေထွေကုန်ကျစရိတ်များကြောင့် စပါးအထွက်နှုန်း သိသိသာသာကျခြင်းသွားပြီးနောက် ယခုနှစ်အတွင်း ဆန်၊စပါးဈေး အဆမတန်မြင့်တက်လာခြင်းဖြစ်သည်ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။
ထိုအခြေအနေကိုကြိုသိသည့် ဆန်စက်လုပ်ငန်းရှင်၊ ဆန်ကုန်သည်နှင့် ပြည်ပ ဆန်ပို့ကုန်လုပ်ငန်းရှင်များကို စပါးကို ကြိုတင်ဝယ်လှောင်ထားခြင်းဖြစ်သည်ဟု ၎င်းကသုံးသပ်သည်။
ထိုအပြင် မုန်တိုင်းကိုအကြောင်းပြ၍ ဆန်ဈေး အဆမတန်မြင့်တက်လာမည်ကိုလည်း လုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်ဟု ၎င်းကဆိုသည်။
“နိုင်ငံရေးအခြေအနေကြောင့်လိုပြောရမယ်။ ကုန်သည်တွေကလည်း မသေချာမရေရာတွေကြောင့် ဆန်စပါးကို ထုတ်မရောင်းရဲကြဘူး။ နိုင်ငံကို ဦးဆောင်နေတဲ့သူတွေကလည်း ဒါကိုထိန်းသိမ်းဖို့လည်း လုပ်နိုင်မှာ မဟုတ်ဘူး”ဟု ပြည်ပကို ဆန်ပိုနေသည့် ကုန်သည်တစ်ဦးကပြောသည်။
နိုင်ငံခြားငွေလိုအပ်နေသည့် စစ်ကောင်စီက ၂၀၂၂-၂၃တွင် ပြည်ပကို ဆန်၊ဆန်ကွဲ တန်ချိန် ၂၂ ဒသမ ၆ သန်းကျော်တင်ပို့ခဲ့ပြီး ဒေါ်လာ သန်း ၈၀၀ ရှာဖွေခဲ့သည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင်လည်း ဆန်တန် ၂သန်းခွဲတင်ပို့ပြီး ဒေါ်လာ ၁ဘီလီယံရရှိရန် ဆိုကာ ပြည်ပသို့ ဆန်တင်ပို့မှုကိုတိုးမြှင့်ခဲ့သည်။
သို့သော် အထက်မြန်မာနိုင်ငံ၏ စပါးကျီ စစ်ကိုင်းတိုင်းတွင်စစ်ကောင်စီတပ်က ရွာများကိုမီးရှို့ ၊ပြည်သူများကို သတ်ဖြတ်အကြမ်းဖက်သဖြင့် ပြည်သူသိန်းပေါင်းများစွာထွက်ပြေးနေရသည်။နိုင်ငံတစ်ဝန်းစစ်တပ် အကြမ်းဖက်မှုကြောင့် ပြည်သူများသန်းနှင့်ချီ ထွက်ပြေးနေရပြီး လယ်ယာလုပ်ငန်းများကောင်းစွာမလုပ်နိုင်ချိန်တွင် ဒေါ်လာလိုနေသည့် စစ်ကောင်စီနှင့် ဆန်စပါးအသင်းချုပ်တို့က ယခင်နှစ်များထက် ဆန်ကိုပြည်ပတင်ပို့နေခြင်းဖြစ်သည်။
