▪︎သို့သော် ကောင်စည်သူ၏အကိုရင်း MMA ကစားသမားဖိုးသော် ပြန်မလွတ်သေး
စစ်ကောင်စီက ကဆုန်လပြည့်နေ့တွင် မတရားဖမ်းဆီးထားသူများမှ ၂၅၀၀ ကျော်ကိုပြန်လွှတ်ပေးကြောင်းကြေညာရာတွင် မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကောင်းစည်သူ ပါဝင်ခဲ့ကြောင်း ဘောလုံးနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သိရသည်။
” ကောင်းစည်သူ ပြန်လွတ်တာကို သူ့အမျိုးသမီးကနေတဆင့် သိရတာပါ။ ညနေပိုင်းက အိမ်ပြန်ရောက်နေပြီလို့သိရပါတယ်။ ပြန်လွတ်တယ် ကြားရတော့ ဝမ်းသာမိတယ် ” ဟု ကောင်းစည်သူ၏ မိတ်ဆွေတစ်ဦးက ပြောသည်။
ကောင်းစည်သူသည် ပြီးခဲ့သည့် ၂၀၂၁ မေလအတွင်းက ၎င်း၏ အစ်ကိုဖြစ်သူ MMA ကစားသမား ဖိုးသော်၏ ကန်တော်ကြီးအတွင်းရှိ အားကစားရုံ ပေါက်ကွဲမှုနှင့် ဆက်စပ်၍ စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ကောင်းစည်သူ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ၎င်း၏ အစ်ကိုဖြစ်သူ MMA ကစားသမား ဖိုးသော်မှာမူ လွတ်မြောက်ခြင်း မရှိသေးကြောင်း အားကစားနှင့် နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီက မေ၃ ရက်တွင်အကျဉ်းထောင်၊ အချုပ်ထောင်နှင့် ရဲဘက်စခန်းများတွင် အကျဉ်းကျခံနေရသည့် ၅၀၅ (က)နိုင်ငံရေးအကျဥ်းသား ၂၁၅၃ ဦးကိုလွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းထုတ်ပြန်သည်။သို့သော် နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)က မေ ၅ ရက် ညနေ ၅ နာရီအထိရရှိသောစာရင်းအရ ပြန်လွတ်မြောက်သူ ၁၂၇၇ ဦးသာအတည်ပြုနိုင်သေးကြောင်းထုတ်ပြန်သည်။
အဆိုပါလွတ်မြောက်လာသူများအနေဖြင့်နောက်တစ်ကြိမ် ပြစ်မှုကျုးလွန်ပါက ကြွေးကျန် ထောင်ဒဏ်ပါ ထပ်ပေါင်း ကျခံရမည် ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
