စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ညောင်ပင်ဝန်းရဲစခန်းနှင့် မာလဲတောကျေးရွာရှိ ပျူစောထီးစခန်းတို့အား တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းကာကွယ်ရေးအဖွဲ့များက ပြောသည်။
မေလ ၁ရက် နေ့လည် ၁နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းအား ဒရုန်းဖြင့် ဗုံးချပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
မေလ ၃ ရက် ညနေ ၄ နာရီခွဲခန့်ကလည်း ညောင်ပင်ဝန်းရဲစခန်းကိုပင် ဒရုန်း(၅)စီးဖြင့် ဗုံးသီး (၉)လုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။
ထို့အပြင် မေလ ၃ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်အတွင်းရှိ မာလဲတောရွာ ပျူစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။
မာလဲတောရွာပျူစခန်းအား YOUNG WOLF L.P.D.F နှင့် Phoenix(SGG) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဥ်များတွင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအခြေအနေများကိုမူ မသိရသေးဟု ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
” စစ်ကိုင်း တပ်မ(၃၃)တို့ အုန်းတောတပ်တို့က ညောင်ပင်ဝန်းမှာစုပြီး စစ်ကြောင်းထိုးလေ့ရှိတယ်။ မာလဲတောနဲ့ ကြွယ်ပုံပျူရွာတွေက ခြေတော်ရာတပ်ထဲလာလာပေါင်းပြီး အပြုံလိုက်ထိုးတာ။ ထီးဆောင်းမှာကတော့ နောက်ခံအနေနဲ့ အမြဲရှိနေတယ်။”ဟု ဒေသတွင်းကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော တိုက်နယ်စွန် PDFအဖွဲ့က တာဝန်ရှိသူက ပြောသည်။
ညောင်ပင်ဝန်းစခန်းအား ပထမအကြိမ်တိုက်ခိုက်မှုကို YOUNG WOLF L.P.D.F ၊ Sadaung Revolution Army ၊ ကျောက်ဆည်ခရိုင် ပကဖ တို့ကလည်းကောင်း၊ ဒုတိယမြောက်တိုက်ခိုက်မှုကို အညာညီနောင်တပ်ပေါင်းစု (ABCF) ၊ Phoenix (SGG)၊ Myinmu Revolution Force (MMRF) ၊Unicorn Guerrilla ၊ NDRF ၊ MRTF ၊ စစ်ကိုင်းခရိုင် တပ်ရင်း(၆) တပ်ခွဲ(၁) ၊ စစ်ကိုင်းခရိုင် တပ်ရင်း(၇) တပ်ခွဲ(၁)၊တပ်ခွဲ(၄) ၊ နယ်မြေခံ ပကဖများကလည်းကောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ဧပြီ ၃၀ ရက်မှ မေလ၂ရက်အထိ ၃ ရက်အတွင်း ပကဖ ရဲဘော် နှစ်ဦးနှင့် မသန်စွမ်းတစ်ဦးအား သတ်ဖြတ်သွားပြီး တစ်အိမ်တည်းကျေးရွာနှင့် ပကဖ စခန်းတစ်ခုကိုပါ မီးရှို့ဖျက်ဆီးသွားသည်။
