စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်အား သုံးကြိမ်တိုင် တိုက်ခိုက်ရာ စစ်သားလေးဦးသေဆုံးကြောင်း Black Wolf-Army၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (မေလ ၃ ရက်) နံနက် ၆နာရီခန့်က ရွှေဘိုတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သည် ရွှေဘိုမြို့မှ ကျောက်မြောင်းမြို့ ခမရ (၁၂)သို့ (၁၂)ဘီးယာဉ် နှစ်စီးဖြင့်ထွက်လာမည့်အကြောင်း ကြိုတင်သတင်းရရှိခဲ့သည်။
ထို့အပြင် အင်အား ၄၅ ဦးခန့်ဖြင့် စစ်ကောင်စီတပ်က ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းကို ကြိုတင်ရှင်းလင်းရန် ခြေလျင်ထွက်လာခဲ့သည်။ အဆိုပါ စစ်အုပ်စုက မိုင်းထိမည်စိုး၍ ရွှေဘိုမြို့နယ်၊ တအုံကျေးရွာ အရောက်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်ကာ အုံးပေါက်ကျေးရွာ သို့ ဦးတည်ထွက်ခွာသွားခဲ့သည်။
ပြည်သူများပါနေ၍ တိုက်ခိုက်ခြင်းမပြုဘဲ ရှောင်ရှားခဲ့ကာ စစ်အုပ်စုက အုံးပေါက်ကျေးရွာသို့ ရောက်ရှိချိန် ပြည်သူများအား ထားခဲ့ပြီး ထွက်ခွာလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Black Wolf-Army၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့နောက် လက်နက်ငယ်များ၊ (၄၀)မမ ဗုံးသီးများဖြင့် အပြန်အလှန်ပစ်ခတ်မှု အချိန်အနည်းငယ် ဖြစ်ပွားခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။
စစ်အုပ်စုက ထိခိုက်သေဆုံးသူများအား ထမ်းပိုးပြီး အုံးပေါက်ကျေးရွာဘက်သို့ ပြန်ဆုတ်ချိန် ဒရုန်းဖြင့်လိုက်ကာ ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည် ဟု ဆိုသည်။
“ခြေလျင်စစ်ကြောင်းက မိုင်းကြိုရှင်းသဘောပါ။ သေတာတွေကတော့ ကျွန်တော်တို့မျက်မြင်ပါပဲ။”ဟု Black Wolf-Army၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးများအား BLACK WOLF – ARMY နှင့် WHO AM I ARMY ပူးပေါင်းတပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
Black Wolf-Army အဖွဲ့သည် အာဏာသိမ်းစစ်ကောင်စီအား ဆက်လက်တိုက်ခိုက်ရန် “နွေအပူကအညာ ဝံပုလွေစနိုက်ပါ” ကမ်ပိန်း ပြုလုပ်နေပြီး ရက်၃၀ အတွင်း အလှူငွေရရှိနိုင်ရန် အကူအညီတောင်းခံထားသည်။
