တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းမှ ဘုမ္မတီးနှင့်သရင်တန်းကျေးရွာအုပ်စုများအား တောင်ငူလေတပ်စခန်းမှ တိုက်လေယာဉ်နှစ်စင်းဖြင့် ယနေ့ညနေပိုင်းတွင် လာရောက်ပစ်ခတ်ခဲ့သဖြင့် အနည်းဆုံးပြည်သူ သုံးဦးသေဆုံးပြီးဒဏ်ရာရသူများလည်းရှိကြောင်း ဒေသခံပြည်သူများက ပြောသည်။
ယနေ့(မေ ၂)ညနေ ၆ နာရီ၀န်းကျင်က စစ်ကောင်စီတပ်မှ တိုက်လေယာဉ်နှစ်စင်းသည် ဘုမ္မတီးကျေးရွာအုပ်စု ကျွဲလမ်းကျေးရွာနှင့် သရက်တန်းရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်စ်သည်ဟု ဒေသခံများက ပြောသည်။
“သေကုန်ပြီဗျာ။ ၀မ်းကွဲညီမလေးပါ ပါသွားတယ်”ဟု ထန်းတပင်မြို့နယ်မျ ဒေသခံပြည်သူတစ်ဦးက လေ ကြောင်းပစ်ခံရမှုအခြေအနေအား ပြောသည်။
စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကျဲခြင်း၊ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ကျွဲလမ်းနှင့် သရက်တန်းကျေးရွာများမှ ပြည်သူအနည်းဆုံးသုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ အမျိုးသမီးတစ်ဦး ဦးခေါင်းတခြား ကိုယ်တခြားဖြစ်သွားသည်ဟု ဒေသခံများက ပြောသည်။ သို့သော်လည်း ထိခိုက်သေဆုံးမှုစာရင်းအား People’s Spring က ဆက် လက်စုံစမ်းနေဆဲဖြစ်သည်။
“အဖြစ်တွေဆိုးလိုက်တာဟယ်ငါတိုအမျိုးတွေ၃ယောက် တောင်သေရတယ်လိုဟယ်။ နောင်ဘဝတွေရှိခဲ့ရင်အခုလိုအဖြစ်ဆိုးတွေနဲမကြုံကြပါစေနဲ့,” ဘုမ္မတီကျေးရွာမှ သေဆုံးသူများ၏ မိသားစုဝင်တစ်ဦးက ဖေရ်ဘွခ်တွင်ရေးသားထားသည်။
လေကြောင်းမှ ပစ်ခံရ၍ ဦးခေါင်းပြတ်ထွက်သွားသည်ဆိုသော အမျိုးသမီးမှာ နေအိမ်၌ ရေချိုးနေစဉ် ထိမှန်ခဲ့ခြင်းဖြစ်ပြီး ၎င်းထိခိုက်သေဆုံးရမှုအပေါ် ကာယကံရှင်နှင့် နီးစပ်သူများက အတည်ပြုသည်။
“အိမ်ကိုကျတာဆုံးသွားတယ်”ဟု သေဆုံးခဲ့သော အမျိုးသမီး၏ ညီမဖြစ်သူကလည်း ဖေစ်ဘွခ်တွင်ရေးသားထားသည်။
ကနဦးရရှိသောသတင်းအရ သေဆုံးသူများမှာ အသက် ၃၀ အရွယ် ကိုရဲစိုးအောင် ၊ အသက် ၂၂ နှစ်အရွယ် မစုလှိုင်အေး၊မလှလှခိုင် (အသက်မသိရသေး)တို့ဖြစ်သည်ဟုဒေသခံများပြောသည်။ ။ အသက် ၁၂ နှစ်အရွယ် မမိုးအိသိမ့်လည်းဒဏ်ရခဲ့ကြောင်းကနဦးသတင်းရရှိသည်။ သေဆုံးဒဏ်ရရသူအရေအတွက်မှာယခုထက်လည်း ပိုများနိုင်ပါသည်။
ယနေ့တွင်လည်း ဝေဟင်မှ လေကြောင်းပစ်ခတ်မှုအပြင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးရခြင်းအပေါ် ၀မ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနှင့် စစ်အာဏာရှင်ကို တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ယောနသံဒရုန်းတပ်ဖွဲ့က အသိပေးထားသည်။
တောင်ငူခရိုင် ထန်းတပင်မြို့နယ်သည် ကရင်အမျိုး သားအစည်းအရုံး KNU တပ်မဟာ (၂)လှုပ်ရှားနယ် မြေတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ဧပြီဒုတိယပတ်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သားသုံးဦးသေဆုံးကာ သေနတ်အချို့ပါသိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့နောက် စစ်ကောင်စီတပ်က ထန်းတပင်မြို့နယ်အ တွင်း လမ်းပိုင်းအချို့အား ပိတ်ဆို့ခဲ့သည့်အပြင် သပြေညွန့်စစ်တပ်စခန်းအတွင်းမှနေ၍ ဘုမ်မတီးကျေးရွာဘက် လက်နက်ကြီးများဖြင့် ၃ ရက်ခန့်ဆက်တိုက်ပစ်ခတ်ခဲ့သည်။
