ပဲခူးတိုင်းအတွင်း စစ်ကောင်စီထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေသည့် ညောင်လေးပင်-မဒေါက်လမ်းပေါ်ရှိ ရေကြည်ချောင်းတံတားကို ဖြတ်တောက်ရှင်းလင်းရေးဗျူဟာအရ တော်လှန်ရေးပူးပေါင်းအင်အားစုများကမိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ညောင်လေးပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
ရေကြည်ချောင်းတံတားကို ဧပြီလ ၃၀ရက်ည ၁၂ နာရီခန့်တွင် ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ည ၁၂ နာရီခန့်တွင် အလွန်ကျယ်လောင်သည့် ပေါက်ကွဲသံကြားရပြီး နာရီဝက်ခန့်အကြာတွင် တံတားကျိုးသွားခြင်းဟု ဒေသခံများကပြောသည်။

ရေကြည်ချောင်းတံတားသည် RC တံတားအမျိုးအစားဖြစ်ပြီး အကျယ် ၂၄ ပေ၊အရှည် ၁၂၅ ပေနှင့် ရှိသည်ဟု သိရသည်။ တံတားနှင့် ပေ၅၀ခန့်အကွာတွင်ရထားလမ်းနှင့် လမ်းလွှဲရှိသောကြောင့် လတ်တလော၌ ဆိုင်ကယ်များသွား၍ရကြောင်း ဒေသခံများကပြောသည်။” တံတားကတော့ တော်တော်ကို ပျက်စီးသွားတာ။ဒီအခြေအနေကို လူထုက လက်ခံပြီးသားပါ။ တော်လှန်ရေးအောင်ပြီးတာနဲ့ ကိုယ့်တိုင်းပြည်ကိုယ် ပြန်တည်ဆောက်ကြမယ်” ဟု ညောင်လေးပင်မြို့ခံတစ်ဦးကပြောသည်။

စစ်တောင်းမြစ်အရှေ့ခြမ်းဒေသများတွင် ယခုနောက်ပိုင်းအာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ပွဲများပိုမိုအရှိန်မြင့်လာကြောင်းဒေသခံအချို့ကပြောသည်။
