ချင်းပြည်နယ် ထန်တလန်မြို့နယ် တလန်လိုကျေးရွာ စစ်ကောင်စီတပ်က ယမန်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၉ဦးရှိခဲ့ရာ ယင်းအနက် ငါးလအရွယ် ကလေးအပါအဝင် ကလေးငယ် လေးဦးဒဏ်ရာရခဲ့ကြောင်း The Chin Journal က ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြသည်။
ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ဌာနချုပ်အနီးရှိ တလန်လိုရွာကို စစ်ကောင်စီတပ်က ဧပြီ ၂၇ရက်တွင် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုက်ခိုက်ခဲ့၍ CDM ပညာရေးဝန်ထမ်း အမျိုးသမီးတစ်ဦး နှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အသက် ငါးလအရွယ် မောင်ဂျောဆွာကျုံးလျန်ထောင်း ၊ အသက် ငါးနှစ်အရွယ် မောင်ဘွေကျုံးနုံးဆန်၊ အသက် (၁၀)နှစ်အရွယ် မောင်မန်ဘွေဆန်၊ အသက် (၁၁)နှစ်အရွယ် မောင်ရိုခါရ်တို့ အပါအဝင် ၉ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုက်ခိုက်ခြင်းမတိုင်မီ ဧပြီ ၂၆ရက်တွင် ဟားခါး – ထန်တလန်ကြားရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ လက်နက်ကြီးအချို့သိမ်းဆည်းရရှိခဲ့သည်။

အထိနာသည့် စစ်ကောင်စီတပ်က ဧပြီ ၂၇ရက် တွင် တလန်လိုရွာ၌ တိုက်ပွဲမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယင်းလုပ်ရပ်သည် စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်ဖြစ်ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက People’s Spring သတင်းဌာသို့ ယနေ့နံနက်တွင် ပြောကြားသည်။
“အဲဒီ ဒေသမှာ တိုက်ပွဲတွေဘာတွေ အခုတလောမရှိဘူးဗျ။ ဒါပေမဲ့ သူတို့ အဲဒီလို အထိနာပြီဆိုရင် ဘာမှ မဆိုင်တဲ့ ပြည်သူတွေကိုမဲပြီး အဲဒီလို အလျဉ်းသင့်ရင်သင့်သလို အဲဒီလို လုပ်တာ သူတို့ရဲ့ ဗျူဟာတစ်ခုပေါ့။အဲဒီလုပ်ရပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလည်း မြောက်တယ်။ စစ်ရာဇဝတ်မှုလည်း မြောက်တယ်။ ကျနော်တို့ ချင်းလူမျိုးတွေ လူဦးရေနည်းနည်း သူတို့ အဲဒီရွာမှာ မနေနိုင်အောင် အဲဒီလိုလုပ်ပြီး ကျနော်တို့ CNA နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကို ပြည်သူနဲ့ ချိတ်ဆက်လို့ မရနိုင်အောင် ပြည်သူကို အကြောက်တရားသွင်းပြီးတော့ တစ်ဖက်လှည့်နဲ့ ပြည်သူကို လူသားဒိုင်းသဖွယ် အသုံးပြုတာပါပဲ” ဟု ဆလိုင်းထက်နီက ပြောသည်။
ချင်းပြည်နယ်အတွင်းယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ် သေဆုံးထိခိုက်များကြားကာ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည့်အပေါ် စစ်ကောင်စီက အရပ်သား ပြည်သူများကို လေကြောင်း တိုက်ခိုက်ခြင်းဖြင့် တုံ့ပြန်ခဲ့၍ ဖလမ်းမြို့နယ် ဝေဘူလမြို့ လေကြောင်းတိုက်ခိုက်ခံရမှုတွင် အရပ်သား ပြည်သူ ၉ဦးထက်မနည်းသေဆုံးခဲ့သည်။ ထန်တလန်ခွာဖိုရွာ လေကြောင်း တိုက်ခိုက်မှုတွင်လည်း အရပ်သား ၉ဦးသေဆုံးပြီး ထိခိုက်မှုများရှိခဲ့သည်။ ထို့ပြင် မင်းတပ် မြို့နယ် ပန်းပါရွာလေကြောင်းတိုက်ခိုက်မှုတွင်လည်း အရပ်သား ၃ဦးသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည်။
(ဧပြီ ၂၇ရက် ညနေပိုင်းတွင် ထန်တလန်မြို့နယ် တလန်လိုရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သား နှစ်ဦးအား ညတွင်းချင်း သဂြိုလ်နေစဉ်။ ဓာတ်ပုံ – The Chin Journal)
