▪︎ပြည်သူများကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးလာစဥ် တိုက်ပွဲဖြစ်ပြီး ပြည်သူအချို့ သေဆုံးဒဏ်ရာရ
ကချင်းပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူများကိုဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်းဒေသခံများကပြောသည်။
စစ်ကောင်စီတပ်သည် ဧပြီ ၁၇ရက်က ဖားကန့်မြို့နယ်၊ ဆိုင်းဖရာရွာကို ဝင်ရောက်စီးနင်းကာ ဒေသခံပြည်သူများကို ဖမ်းဆီးခဲ့သည်။ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် မသန်စွမ်းသူအချို့အပါအဝင် အရပ်သားများစွာကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်လာကာ KIA လှုပ်ရှားနယ်မြေ တံတားညီနောင်( ဖားကန့်မြို့နယ်၊နမ့်ယမ်းနှင့် လုံးခင်းကြား) ကို ယနေ့ (ဧပြီလ ၁၈ရက်) နံနက်တွင် စစ်ကြောင်းထိုးလာခဲ့ခြင်းဟု ဒေသခံများကပြောသည်။
“ဆိုင်းဖရာရွာကို KIA ရွာဆိုပြီး အကုန်ဖမ်းခေါ်လာတာ။ထွက်ပြေးတဲ့သူတချို့ပဲ လွတ်တယ်။ပြီးတော့ အရပ်သားတွေကို ရှေ့မှာထားပြီး တိုက်ပွဲဖော်တယ်။ ဒါက ကန့်ဘလူ၊ပဇီကြီးရွာလို အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ကြိုးစားတာပဲ”ဟုဒေသခံတစ်ဦးကပြောသည်။

ဒေသတွင်းသတင်းဌာနအချို့က လူသားဒိုင်းအဖြစ်ဖမ်းဆီးခံသောပြည်သူမှာ ၅၀ မှ ၇၀ အတွင်းရှိကြောင်းဖော်ပြသည်။ဖမ်းဆီးခံရသူအများသုမှာ အမျိုးသမီးများဖြစ်ပြီး၊ စစ်ကောင်စီတပ်မှာ အင်အား ၃၀ ကျော်ပါဝင်ကြောင်းသိရသည်။ဆိုင်းဖရာရွာမှ ပြည်သူများကို လူသားဒိုင်းအဖြစ် ၁၂ ဘီးကုန်တင်ကားအကြီးပေါ်တွင် တင်၍ ဖမ်းခေါ်လာပြီး စစ်ကောင်စီတပ်သားအချို့ကပြည်သူများကြားမှ လိုက်သလို၊အချို့က ကားအငယ်ဖြင် ဖားကန့်ဘက် ထွက်လာရာ ဆိုင်းဖရာကျေးရွာအကျော် ဂတ်နွယ်(ပျားအုံ)ရွာထိပ်ပိုင်းအရောက်တွင် KIA က စစ်ကောင်စီတပ်ကားဟုထင်၍ မိုင်းခွဲတိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသခံအချို့က ပြောသည်။
ပြည်သူများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်လာသောကားမိုင်းခွဲတိုက်ခိုက်ခံရသဖြင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်းဒေသခံအချို့ကသည်။ ဒဏ်ရာရရှိသူတစ်ဦးမှာပြင်းထန်ကြောင်းလည်းသိရသည်။ သေဆုံးခဲ့သောပြည်သူမှာ အမျိုးသမီးဖြစ်ပြီး ဒဏ်ရာရသူ ၆ ဦးတွင် ၄ ဦးမှာအမျိုးသမီးများဖြစ်ကြောင်း သတင်းဓါတ်ပုံများတွင်တွေ့ရသည်။
ထို့အပြင်အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီတပ်က ၄ ဦးသေဆုံးပြီး အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်းဒေသတွင်းမီဒီယာအချို့ကဖော်ပြသည်။စစ်ကောင်စီတပ် သေဆုံး၊ထိခိုက်မှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ ။
“အရပ်သားတွေ ခေါ်လာပြီး စစ်ကြောင်းထိုးတယ်ဗျာ။အဲ့လိုလုပ်လာတော့ တိုက်ပွဲဖြစ်တယ်။ အရပ်သားတွေ ထိတယ်လို့ ကြားတယ်” ဟု ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးကလည်း People’s Spring သို့ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူများကိုဖမ်းခေါ်လာသောကားမှာ ပျက်၍ ကျန်ခဲ့ပြီး ကားပေါ်မှ ဒဏ်ရာရပြည်သူများကို ဆေးဝါးကုသရန်နှင့် ကျန်ပြည်သူများ အိမ်သို့ပြန်နိုင်ရန်KIA ကစီစဥ်ပို့ဆောင်ပေးခဲ့ကြောင်းဒေသခံအချို့ကပြောသည်။ ဖားကန့်တွင် ကျန်ကျေးရွာအချို့တွင်လည်းစစ်တပ်က အထက်ပါဖြစ်ရပ်အလားတူ ပြည်သူများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးမှုရှိနေကြောင်းဒေသခံများကပြောသည်။
