မလိုက်နာသူများအား အရေးယူမည်
ချင်ပြည်နယ် မင်းတပ်မြို့ခံများအနေဖြင့်စစ်ကောင်စီတပ်၏ လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ်ကို ကာကွယ်ရန် ပုန်းခိုကျင်းများ သတ်မှတ်စံနှုန်းအတိုင်းအမြန်ဆုံး တူးထားရန်နှင့် သတိပေးထုတ်ပြန်ချက်များအား မလိုက်နာသူများအား အရေးယူသွားမည်ဟု CDF – Mindatက သတိပေးထုတ်ပြန်သည်။
ပုန်းခိုကျင်းတူးရန်အပါအဝင် မင်းတပ်မြို့နယ်အတွင်း ပြည်သူများ ဘေးကင်းစေရန် CDF – Mindat၏ ထုတ်ပြန်ချက်များအား လိုက်နာကြရန်နှင့် မလိုက်နာသူများအား အရေးယူသွားမည်ဟု ဧပြီ ၁၄ရက် ညတွင် အသိပေးထားခြင်းဖြစ် သည်။
စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်းသို့ လက်နက်ကြီး (ဟောင်ဝစ်ဇာအမြောက်)များဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများကို ရည်ရွယ်ချက်ရှိရှိဆက်တိုက် ပြုလုပ်နေကြောင်း၊ မိဘပြည်သူများအနေဖြင့် လက်နက်ကြီး (ဟောင်ဝစ်ဇာအမြောက်)၊ စစ်ကောင်စီ၏ လေကြောင်း ပစ်ခတ်မှုအန္တရာယ် ကာကွယ်နိုင်သည့် ပုန်းခိုရန် ကတုပ်ကျင်းများကို သတ်မှတ်ထားသည့် စံနှုန်းအတိုင်းအမြန်ဆုံး တူးထားကြပါရန် CDFက သတိပေးသည်။
ပုန်းခိုကျင်းတူးရန် အကြိမ်ကြိမ် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး လိုက်နာခြင်း မရှိသူများကို လိုအပ်သည့် အရေးယူမှု စတင်ပြုလုပ်တော့မည် ဖြစ်ဟု ဆိုသည်။
မင်းတပ်မြို့နယ်တွင် CDF နှင့် စစ်ကောင်စီတပ်သည် ဧပြီ ၇ရက်နှင့် ဧပြီ ၁၀ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၈ဦးသေဆုံးခဲ့သည်။
ဧပြီလ ၁၁ရက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေးကြိမ်လာရောက်ပစ်ခတ်ခဲ့သည်ဟု CDF – Mindat က ထုတ်ပြန်ထားသည်။ ထိုသို့တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်း၊ လူနေအိမ်တစ်လုံး ပျက်စီးပြီး မပေါက်ကွဲသေးသော ဗုံးဆံများကျန်ရှိခဲ့သလို ရှားပါးရစ်မျိုးစိတ်ကျေးငှက်အချို့ သေဆုံးခဲ့သည်ဟု သိရသည်။
