စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်ခံရမှု အပေါ် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အလံကို ၅ရက်ကြာ တိုက်ဝက်လွှင့်ထူရန် ညွှန်ကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယနေ့ (ဧပြီ ၁၁ရက်) နံနက်တွင် ပဇီကြီးကျေးရွာသို့ အာဏာသိမ်းစစ်တပ်ကလေကြောင်းမှတိုက်ခိုက်ခဲ့ရာကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူများစွာ သေဆုံး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသွားသော အပြစ်မဲ့ အရပ်သားပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များအားလုံး PDF အလံတော်ကို တိုင်ဝက် လွှင့်ထူခြင်းဖြင့် ဝမ်းနည်းကြောင်းပြသရန် ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည်။
“ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်ခံရမှုမျိုးကို ရှောင်ရှားနိုင်ရန် သက်ဆိုင်ရာ ကွပ်ကဲမှုအဆင့်ဆင့်မှ ချမှတ်သော စည်းကမ်းချက်များကို ကိုယ်တိုင် တိတိကျကျ လေးစားလိုက်နာကြရန် လိုအပ်သကဲ့သို့ အရပ်သား ပြည်သူများ ထိခိုက်မှုမရှိစေရေး အသိပညာပေးမှုများ၊ လိုအပ်သော ကြိုတင်ကာကွယ်မှု အစီအမံများ ဆောင်ရွက်ထားရှိကြရမည်” ဟု ညွှန်ကြားစာ၌ ပါရှိသည်ဟုဆိုသည်။

စစ်အုပ်စု၏ လူမဆန်မှုကြောင့် ထိခိုက်ကျဆုံးခဲ့ရသော ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် PDF၊ ပကဖ တပ်ရင်းတပ်ဖွဲ့နှင့် စစ်ကြောင်းများအားလုံး ယနေ့ ဧပြီလ ၁၁ ရက်မှ ၁၅ ရက်အထိ ပြည်သူ့တော်လှန်ရေးအလံတော်ကို တိုင်ဝက်ချ အလေးပြုကြရန် ညွှန်ကြားထားကြောင်းဖော်ပြထားသည်။
ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်ခံရမှုတွင်ယနေ့ညနေပိုင်းအထိ အရပ်သား အနည်းဆုံး ၅၃ ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ရာ သေဆုံးသူများ ထပ်တိုးနိုင်ကြောင်း NUGက အသိပေးထားသည်။
