ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ လေးရက်ဆက်တိုက်ပွဲတွေပြင်းထန်နေတယ်လိုဒေသခံတွေက ပြောပါတယ်။
နောင်ချိုမြို့နယ် ဟိုခို ၊သံဘို နဲ့ သုံဆယ်ရွာတွေဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MPDF တပ်ရင်းတပ်ဖွဲ့တွေကို စစ်ကောင်စီတပ်တွေအင်အားအများအပြားနဲ့ဧပြီ ၅ ရက်နေ့ညနေကစပြီးထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
စစ်တပ်ကလက်နက်ကြီးတွေနဲ့ အချက်ရေများစွာရမ်းသမ်းပစ်ခတ်မှုတွေကြောင့်ပြည်သူ့အချို့ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ် ။

“နောင်ချိုမြို့နယ်က ဟိုခို၊ သုံးဆယ်ရွာဘက်တွေမှာ ၅ရက်နေ့လောက်က တိုက်ပွဲစဖြစ်တယ်။ အဲဒီဘက်မှာတော့ သုံးဆယ်က ဆိုင်တွေ ပိတ်ထားတယ်။ ဟိုခိုရွာထဲမှာ ၆ရက်နေ့က လက်နက်ကြီးကျလို့ ကလေးနှစ်ယောက်နဲ့ သုံးယောက်ဆုံးသွားတယ် ပြောတယ်။ နောင်ချိုနယ်မှာတော့ အခု ငါးရက်တစ်စျေးတွေ ပိတ်ထားတယ်။ မနေ့ကလည်း လက်နက်ကြီးတွေနဲ့ စစ်တပ်ဘက်က ပစ်နေတယ်ပြောတယ်”လို့နောင်ချိုမြို့ဒေသခံတစ်ဦး People’s Spring သတင်းဌာနကို ဧပြီ ၈ ရက်နေ့မှာ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် အနီးဝန်းကျင်က ကျေးရွာတွေကပြည်သူတွေဟာဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြသလို ၊ PDF တွေက ဧပြီ ၃ ရက်ကတည်းကဒေသခံပြည်သူတွေကို တိုက်ပွဲတွေဖြစ်နိုင်လို့ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ ကြိုတင်တိမ်းရှောင်ခိုင်တာလည်းရှိတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
တိုက်ပွဲ အစမှာ စစ်တပ်က လက်နက်ကြီးတွေအများအပြားနဲ့ အဝေးကနေပစ်ခတ်ခဲ့ပြီးတော့ ၊အဲဒီနောက်မှာတော့ စစ်တပ်နဲ့ PDF တွေဟာ ရင်ဆိုင်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကြတာလို့ဒေသခံအချို့ကပြောပါတယ် ။စစ်တပ်က တိုက်ပွဲမှာ တိုက်ခိုက်ရေးရဟတ်ယာဥ်တွေကိုလည်းအသုံးပြုခဲ့ပေမယ့် PDF တွေကလည်း စနစ်တကျခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။ ဧပြီ ၈ ရက်အထိ့ ၄ ရက်ဆက် တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့မသိရသေးပါဘူး။

နောင်ချို ဒေသနဲ့ ဆက်စပ်နေတဲ့ မိုးကုတ်မြို့နယ်က လယ်ကြီး စစ်ကောင်စီ စခန်း ရယ် ၊ရဲဂိတ်တွေရယ် နဲ့ စစ်ကူလာတဲ့ကားတွေကို ဧပြီ ၇ ရက်က KIA ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၁ လောက်သေဆုံးပြီး ၁၂ ဦးလောက်ဒဏ်ရာရတယ်လို့ မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်(KPDF)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ် ။
ဧပြီ ၇ရက်မှာ မိုးကုတ် – ပြင်ဦးလွင် – ကျောက်မဲလမ်းရှိ လယ်ကြီး စစ်ကောင်စီ စခန်းနဲ့ရဲ ဂိတ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော်(K.I.A)၊ K- PDF ( Kachin Region ) ၊ PDF ( NUG ) ၊ ကျောင်းသားတပ်မတော် ( A.B.S.D.F ) (ရှမ်းမြောက်ဒေသ )မဟာမိတ်တပ်ပေါင်းစုတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒါအပြင် မိုးကုတ်-မိုင်းလုံလမ်း အောက်ညောင်ကုန်းရွာအနီးမှာစစ်ကူယာဉ်တန်းကိုပါစောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။အဲဒီ တိုက်ခိုက်မှု ၂ ကြိမ်မှာစစ်တပ်ကသေဆုံးဒဏ်ရာရသူပေါင်း ၂၀ ကျော်ရှိပေမယ့် ပူးပေါင်းတပ်ကထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၁၀ ရက်ကလည်း NUG ၊ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကို စစ်တပ်က ကုန်ကြောင်း၊လေကြောင်းမှ ၆ နာရီကြာ အပြင်းအထန်တိုက်ခဲ့ပါသေးတယ် ။အဲဒီတိုက်ပွဲမှာ စစ်သားအနည်းဆုံး ၂၅ ဦးသေဆုံးပြီးတော့ လက်နက်ခဲယမ်းတွေကိုလည်းMPDF တပ်ဖွဲ့ကသိမ်းဆည်းနိုင်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ PDF နှစ်ဦးကျဆုံးခဲ့ပါတယ်။
ဒီရက်ပိုင်းအတွင်းမှာပဲ ကရင်ပြည်နယ် မြဝတီ ၊ကော့ကရိတ် ၊ရွှေကုက္ကိုလ်ဒေသ ၊ စစ်ကိုင်းတိုင်းမှာ အင်းတော် ၊ထီးချိုင့်၊ကသာ၊ဝက်လက် စတဲ့ဒေသတွေ၊ ရှမ်းပြည်နယ်မှာ နောင်ချိုမြို့နယ် ၊ ချင်းပြည်နယ်တွင် မင်းတပ် ၊ဖလမ်း ၊ဟားခါး မြို့နယ် ၊ ကရင်နီပြည်နယ်တွင် ဒီးမော့ဆိုမြို့နယ် ၊ကချင်ပြည်နယ်မှာ ရွှေကူမြို့နယ်၊တနသာ်ရီ တိုင်းတွင် ပုလောမြို့နယ်၊တနသာ်ရီမြို့နယ်၊မကွေးတိုင်တွင် ဂန့်ဂေါမြို့နယ် ၊ပဲခူးတိုင်းရွှေကျင်မြို့နယ် စတဲ့ဒေသများစွာမှာစစ်ကောင်စီတပ်၊BGF နဲ့ပျူစောထီးတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၊ဒေသခံကာကွယ်ရေးတပ်တွေ၊PDF တွေက ခုခံတိုက်ခိုက်နေပြီး တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပါတယ်။
