NUG အစိုးရ နဲ့ ချိတ်ဆက်ပြီး အွန်လိုင်းကနေ တရားမဝင်စာသင်လို့ဆိုပြီး စစ်ကောင်စီဟာ မန္တလေးမှာ အမျိုးသမီး ၁၃ ဦးအပါအဝင် ၁၅ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
Federal School of Aung Myay Thar Zan အမည်နဲ့ စာသင်တဲ့ ကျောင်းတာဝန်ခံ ဒေါ်အိရွှေစင်မြင့်အပါအဝင် ၁၅ ဦးကို ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးပတ်အတွင်းဖမ်းဆီးလိုက်တာလို့ စစ်ကောင်စီကမနေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဖမ်းဆီးထားတဲ့ ၁၅ ဦးမှာ အမျိုးသမီး ၁၃ ဦးနဲ့ အမျိုးသား ၂ ဦးပါဝင်တာတွေ့ရပါတယ်။
သူတို့တွေဟာ NUG နဲ့ ချိတ်ဆက်ပြီး အွန်လိုင်းကနေ စာသင်ကြားပေးနေတာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
ဒါအပြင် ကျောင်းသားတွေထံက ကောက်ခံရတဲ့ ငွေကြေးကို NUG ကိုထောက်ပံ့တယ်လို့လည်း စစ်ကောင်စီ က စွပ်စွဲပါသေးတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ Federal School of Aung Myay Thar Zan ကျောင်းမှာ စာရင်းပေးပြီး တက်ရောက်တဲ့ ကျောင်းသား၊ကျောင်းသူတွေနဲ့ မိဘတွေကိုပါ အရေးယူမယ်လို့ ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။
