ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အား ယနေ့ နေ့လည်က သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။
မူဆယ်မြို့ သိန်းသန်းချီကားဝင်းအတွင်း ဂိတ်စောင့်နေသော ပြည်သူ့စစ်အဖွဲ့ကို ယနေ့(မတ်လ ၃၁ရက်) နေ့လည် ၁၂နာရီခန့်တွင် ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခြင်းဟု ဆိုသည်။
” သေနတ်နဲ့ ပစ်တာဗျ။ အနီးကပ်ပစ်သွားတာ။ ပြည်သူ့စစ်နှစ်ယောက်သေတယ်။ တစ်ယောက်ဒဏ်ရာရတယ်။အရပ်သား နှစ်ယောက်လည်း ထိသွားတယ်” ဟု သိန်းသန်းချီကားဝင်းအနီးနေသူတစ်ဦးက ပြောသည်။
ဒဏ်ရာရသူအရပ်သားနှစ်ဦးမှာ မူဆယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။
မူဆယ်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီကလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်တစ်ဦး ပစ်ခတ်ရှင်းလင်းခံလိုက်ရသည်။ မူဆယ်မြို့တွင် ရှင်းလင်းခံရသော စစ်ကောင်စီထောက်တိုင်များအနက် ရာထူးအမြင့်ဆုံးမှာ မူဆယ်မြို့နယ်တရားသူကြီး ဦးရာဇာမင်းစိုးကို ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၆ရက်တွင် သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခြင်းဖြစ်သည်။
လက်ရှိတွင် မူဆယ်မြို့ အခြေစိုက်ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ (PSDA)ကို ဖျက်သိမ်းပြီးနောက် မူဆယ်ဗျုဟာ( TACTIC OF MUSE)အဖြစ် တော်လှန်ရေးအင်အားစုများက ဖေဖော်ဝါရီ ၁၈ရက်က ဖွဲစည်းခဲ့သည်။
ယနေ့ ပစ်ခတ်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရှိရသေးပေ။
