ပဲခူးမြို့ ရွှေမော်ဓောဘုရားပွဲတွင် ယမန်နေ့ (မတ်လ ၂၆) ညပိုင်း၌ ပင်လယ်ဓားပြလှေ (အပျော်စီးလှေရဟတ်) ၏ အတက်အဆင်း လှေကားကျိုးကျ၍ လူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ပဲခူး ရွှေမော်ဓောဘုရားပွဲတွင် ပင်လယ်ဓားပြလှေ (အပျော်စီးလှေရဟတ်) အတက်အဆင်းလမ်းတွင် လူများတိုးကြိတ်ရာမှ လှေကားကျိုးကျသဖြင့် လူများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ပရဟိတအဖွဲ့တစ်ဖွဲ့မှ စေတနာ့ဝန်ထမ်းတစ်ဦးကပြောသည်။

” ပင်လယ်ဓားပြလှေကို လူတွေ စုပြုံတက်ရင်း ဝိတ်မနိုင်တော့ အတက်အဆင်းလှေကား ကျိုးကျတာလို့ သိရတယ်။ ၁၀ ယောက်နီးပါးလောက် ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာများတဲ့သူ ၂၊ ၃ ယောက်လောက်ပါတယ်။ အသက်အန္တရာယ် ထိခိုက်မှုတော့ မရှိပါဘူး။ ပဲခူးဆေးရုံကို ပို့ထားပြီး ဆေးကုသမှု ခံယူနေကြပါတယ် ” ဟု ၎င်းကပြောသည်။
ပဲခူးမြို့ ရွှေမောဓောဘုရားပွဲကိုစစ်ကောင်စီက ဦးစီး၍ပြုလုပ်နေခြင်းဖြစ်ပြီး မတ်လ ၂၀ ရက်မှ စတင်ကာ ဧပြီလဆန်းပိုင်းအထိ ပြုလုပ်မည်ဟုသိရသည်။


ပဲခူးမြို့ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီက ဦးစီးပြုလုပ်သည့် ပွဲလမ်းသဘင်များ၊ သကြန်ပွဲများကို သွားရောက်ခြင်း မပြုကြရန်နှင့် ဂရုစိုက်၍ ရှောင်ကြဉ်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးဖော်ပြထားသည်။
