စစ်ကိုင်းပြတ်ရွေ့သည် အင်အားအနည်းငယ်ရှိသော ငလျင်များ ဆက်တိုက်လှုပ်နေပြီး ပြည်သူများအနေဖြင့် ငလျင်အန္တရာယ်ကို သတိပြုနေထိုင်ရန် ဘူမိဗေဒပညာရှင်တစ်ဦးလည်းဖြစ် ၊အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးလည်းဖြစ်သော ဦးစိုးသူရထွန်းသတိပေးသည်။
ယခုရက်ပိုင်း လှုပ်ရှားနေသော ငလျင်များနှင့် ပတ်သက်၍ဘူမိဗေဒပညာရှင်ဖြစ်သော ဦးစိုးသူရထွန်းကယင်းကဲ့သို့သတိပေးခြင်းဖြစ်သည်။
“ဒီရက်လှုပ်နေတာတွေက စစ်ကိုင်းပြတ်ရွေ့မှာဖြစ်နေတာ။ အင်အားနည်းပေမယ့်လည်းအပျက်အစီးရှိနေတာတွေ့တယ်။ ငလျင်ဘေးအန္တရာယ်ရဲ့ သဘာဝအတိုင်း အမြဲတမ်းသတိရှိရှိနေဖို့လိုအပ်ပါတယ်” ဟုဦးစိုးသူရထွန်းက ပြောသည်။

ဦးစိုးသူရထွန်းသည် မြန်မာနိုင်ငံမြေငလျင်ကော်မတီ၏ အတွင်းရေးမှုးဟောင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကွမ်းခြံကုန်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသည်။
စစ်ကိုင်းပြတ်ရွေ့သည် ဒီဇင်ဘာဘာ ၁၅ရက်မှစတင်ကာ တံတားဦး၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ကန့်ဘလူ၊နေပြည်တော်၊ မိုးညှင်းမြို့တို့တွင်ရစ်ချ်တာစကေး ၃မှ ၅ အဆင့်ကြာငလျင်များ ရှစ်ကြိမ်ထက်မနည်း လှုပ်ခဲ့သည်။ မန္တလေးနှင့်စစ်ကိုင်းတွင်ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့သည်။
စစ်ကိုင်းပြတ်ရွေ့သည်ကီလိုမီတာ ၁၂၀၀ခန့်ရှည်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင်းပြည်နယ်မှ ရန်ကုန်တိုင်း သုံးခွမြို့အနီးအထိ ဖြတ်သွားသည့် ပြတ်ရွေ့ကြောကြီးဖြစ်သည်။ စစ်ကိုင်းပြတ်ရွေ့ တွင်အင်အားကြီးငလျှင်လှုပ်ပါကမန္တလေးနှင့် စစ်ကိုင်းမြို့အပါအဝင် ပြတ်ရွေ့ဖြတ်သွားသည့် မြို့ပြများ အပျက်အစီးရှိနိုင်ကြောင်း ငလျင်ပညာရှင်များက သတိပေး ထားသည်။
စစ်ကောင်စီသည်ငလျင်ဘေးအပါအဝင်သဘာဝဘေးကြိုတင်ကာကွယ်ရေးကို မလုပ်နိုင်သည့်အတွက်ပြည်သူလူထုအတွက် အန္တရာယ်ပိုများနေသည်ဟုလည်း ဦးစိုးသူရထွန်းက သတိပေးသည်။
မြေငလျှင်မည်သည့်အချိန်လှုပ်မည်ကို ကြိုတင်ခန့်မှန်း၍မရဘဲ ၊ငလျှင်လှုပ်လျှင် ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းရန်သာကြိုတင်ကာကွယ်နိုင်ကြောင်းမြေငလျှင်ပညာရှင်များကပြောသည်။မြေငလျှင်လှုပ်ပါက ငလျှင်ကြောင့်လူမသေဘဲမြေငလျှင်လှုပ်၍ အဆောက်အအုံများပြိုကျပိမိ၍သာ လူသေဆုံးကြခြင်းဖြစ်၍ အဆောက်အအုံကို ခိုင်မာစွာဆောက်ရန် ၊ ပြိုကျနိုင်သောအရာများကို မပြိုအောင် ကြိုတင်ပြင်ဆင်ထားရန် ပညာရှင်များကအကြံပြုသည်။
