မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိထောက်ရှာပင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ည ၈ နာရီခွဲခန့်က စတင်မီးရှို့ဖျက်ဆီးနေသည်ဟုဒေသခံများကပြောသည်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်ပါးစေ ပျူစောထီးအင်အား (၁၀၀) ခန့်က ယနေ့(ဒီဇင်ဘာ ၁၈) ညနေပိုင်းက ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်။
“မီးရှို့ပြီး ဒေသခံကာကွယ်ရေးတပ်တို့ကို မျှားခေါပြီး သတ်ကွင်းဆီ ခေါ်နေတဲ့ သဘောရှိတယ်”ဟု အနောက်ပိုင်းတိုင်း တပ်မဟာ(၇)၊ တပ်ရင်း ၇၀၃ တပ်ရင်းမှုး စိုးမိုးကသုံးသပ်ပြောကြားသည်။
လက်ရှိတွင် ကျေးရွာတွင်းရှိ ပြည်သူများလည်း ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံများကပြောသည်။
အချိန်မရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုသွားလာကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။
