တိုက်ပွဲကြောင့် စစ်ရှောင်ဦးရေ တစ်ထောင် ကျော်တိုးလာပြီး ကျောင်းများလည်း ပိတ်ထားရ
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ (၅)နယ်မြေမှ ပြန်ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် KNU လက်အောက်ခံ ကရင့်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃)တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း KNUက သတင်းထုတ်ပြန်သည်။
KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင် လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ဃဲဒဲကျေးရွာအုပ်စုတွင် စက်တင်ဘာ ၇ရက်မှစ၍ စစ်ကောင်စီတပ်နှင့် KNDO တပ်ရင်း(၃)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ယခုအချိန်ထိ တိုက်ပွဲဆက်ဖြစ် နေသည်ဟု KNUက ယနေ့ (စက်တင်ဘာ ၁၀ရက် ) မွန်းလွဲပိုင်းတွင် ဖော်ပြထားသည်။

၄ရက်ကြာပြီဖြစ်သည့် အဆိုပါ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု အတည်ပြုချက်မရသေးဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ဃဲဒဲကျေးရွာအုပ်စုရှိ သဲခီး၊ ထူးထာ၊ ဃဲဒဲ၊ မူခီး၊ တကော်ဒဲ၊ ဒေးဘောခီး၊ ဒိုဒေါ်ခီး၊ တူဝေါ်စိုးနှင့် ဃောထောခီးစသည့် ကျေးရွာပေါင်း (၉) ရွာမှ အိမ်ခြေ ၁၇၇အိမ်၊ လူဦးရေ ၁,၀၃၁ဦး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဃဲဒဲကျေးရွာအုပ်စုရှိ စာသင်ကျောင်း ခြောက်ကျောင်း ပိတ်ထားရကြောင်း အသိပေးထားသည်။
အဆိုပါ ဒေသရှိ ကျေးရွာများတွင် တောင်ပေါ်ဌာနေ ကရင်တိုင်းရင်းသား လူမျိုးများနေထိုင်ကြပြီး စစ်ဒဏ်နှင့် ခေတ်အဆက်ဆက် အုပ်စိုးခဲ့သော မြန်မာအစိုးရတို့၏ ဖိနှိပ်မှုအမျိုးမျိုးဒဏ်ကို ခံစားခဲ့ကြရသည်ဟု ထုတ်ပြန်သည်။
ယင်းဒေသရှိ စစ်ရှောင်များအပါအဝင် KNU ကျောက်ကြီးမြို့နယ်တွင် စစ်ဘေးရှောင်ရွာ ၄၅ရွာရှိပြီး အိမ်ခြေ သုံးထောင်ကျော်၊ လူဦးရေ ၁၇,၀၀၀ ကျော် စစ်ရှောင်နေကြရသည်ဟု ဆိုသည်။
