ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဥက္ကဌ ခွန်းဘီထူးက ၂၀၂၄ ခုနှစ် နှစ်သစ်အတွက် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် “ညီညွတ်မှု၊ ရဲရင့်ပြတ်သားမှုနဲ့ အောင်ပွဲ ခံမှုသည် ၂၀၂၄ ရဲ့ ပြယုဂ်ဖြစ်ပါစေ”ဟု ပြောကြားသည်။
အဆိုပါစကားလုံးတိုင်းသည် နွေဦးတော်လှန်ရေးအ တွက်အလွန် အရေးပါလာနိုင်သည်ဟု မှတ်ချက်ပြုသူများကပြောသည်။
အထူးသဖြင့် နွေဦးတော်လှန်ရေးတွင်ပေါ်ပေါက်လာသည့်တော်လှန်ရေးတပ်ဖွဲ့များတွင် စစ်ကောင်စီတပ်ကို အကြိမ်ကြိမ် အထိနာအောင် တိုက်ခိုက်နေသော KNDF ၏ ခေါင်းဆောင်တစ်ဦး ကပြောကြားထားသော ၉ မိနစ်ကျော်ကြာ နှစ်သစ်နှုတ်ခွန်းဆက်စကား၏ အစ နှင့် အဆုံး တွင် ညီညွတ်မှု၊ရဲရင့်ပြတ်သား မှု နှင့် အောင်ပွဲခံမှုများကို အကြိမ်ရေများစွာ သုံးနှုန်းခဲ့သည်ကိုတွေ့ရသည်။
၂၀၂၁ ခုနှစ် မေ ၃၁ ရက်က စတင်ဖွဲ့စည်းခဲ့သည့် KNDF သည် အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်မ များနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံတပ်ရင်းများကို အကြိမ်ကြိမ် အထိနာအောင် ဦးချိုးပြခဲ့သည်။
ထို့အပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က စ၍ ၁၁၁၁ လုံးစစ်ဆင်ရေးကို ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ဖော်ဆောင်ခဲ့ပြီးနောက် လွိုင်ကော်မြို့ကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

Public Service Announcement
ထို့ကြောင့် KNDF နှင့်အတူ ရိုးသားရဲရင့်ကြသည့် KA ကရင်နီတပ်မတော်၊ PDF ၊ကလလတ စသောကရင်နီ ရဲဘော်များအားလုံး ကိုလည်း လက်ရှိညီညွတ်မှုနှင့် တိုက်ပွဲဖော်ဆောင်မှုများကို ဆက်လက်ထိန်းသိမ်း ကြရန်လည်း၎င်းက ပန်ကြားသည်။
“ခွန်းဘီထူးရဲ့ ဒီနှစ်အကြို နှုတ်ခွန်းဆက်စကားတွေ တိုင်းကို ဖတ်ကြည့်ရင် အရမ်းတန်ဖိုးရှိတယ်လို့ ခံစားမိတယ်။အဲဒီအထဲမှာက အခု ရရှိထားတဲ့ စည်း လုံးမှုတွေ ကို အဓိက အခြေခံထားတယ်။နောက် စစ်ကောင် စီကို ဘယ်လို ထပ်ရင်ဆိုင်ကြမလဲ ဆိုတဲ့ မူဝါဒ တစ်ချို့ကို မြင်ရလိမ့်မယ်”ဟု ကရင်နီ ဒေသခံ နှင့် စစ်ရေးလေ့လာသူ ကိုခွန်ရာဇာဦးက မှတ်ချက်ပြုသည်။
စစ်ကောင်စီတပ်သည် အင်မတန်ရက်စက်ပြီး ခိုင်မာသည့် စစ်တပ်အင်အားကြီး ဖြစ်သည်ဟု မြင်ယောင်ခဲ့သော်လည်း ယခုအချိန်တွင်မူ “ဒဏ်ရာများစွာနှင့် လမ်းဘေးက ခွေးနာသာသာ” ရပ်တည်နေရသည့် အခြေအနေဖြစ်နေပြီဟု KNDF ဥက္ကဌ က ဆိုသည်။
သို့သော်လည်း စစ်ကောင်စီတပ်၏ ကြောက်စရာအကောင်းဆုံးအာဏာရူးရောဂါ နှင့် မှားယွင်းသည့် အတွေးအခေါ်များကို တိုက်ဖျက်နိုင်မှသာလျင် အာဏာရှင်စနစ်ကြီးတစ်ခုလုံးပြိုလဲမှာ ဖြစ်ကြောင်း လည်း ၎င်း၏ အမြင်ကို ပြောပြသည်။
“ကျွန်တော်တို့ရဲ့ ၂၀၂၄ အဓိက ပစ်မှတ်သည် အာ ဏာရှင်စနစ်ရဲ့ ယန္တရားတွေ၊အတွေးအခေါ်တွေကို ပစ်မှတ်ထားပြီးမှ တိုက်ခိုက်ကြ”ဟု ခွန်းဘီထူးက တိုက်တွန်းသည်။
မှားယွင်းသည့် အတွေးအခေါ်အောက်၌ တိုက်ပွဲဝင်ပြီး မှ ဖမ်းဆီးခံရသော စစ်ကောင်စီစစ်သုံ့ပန်းများကို စာ နာထောက်ထားမှုများဖြင့် အခွင့်အရေးပေးရမည် ဖြစ်ပြီး ဘက်ပြောင်းလာသော စစ်ကောင်စီတပ်များကို ကြိုဆိုသွားမည်ဟုလည်းသတင်းစကားပါးသည်။
အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီ၏ သွေးထိုးလှုံဆော်မှုများကို သတိပြုရန်တိုက်တွန်းပြီး၊ လူမျိုးရေး၊ဘာသာရေးထောင်ချောက်ထဲသို့ အကျခံမည်မဟုတ်ကြောင်း လည်း KNDFက ပြတ်သားစွာအသိပေးသည်။
ထို့အတူ ကရင်နီပြည်နယ်သည် မြန်မာနိုင်ငံ၏ အစိတ် အပိုင်းတစ်ခုအနေဖြင့် ရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့်များနှင့်အတူ ရပ်တည်သွားမည့် ပြည်နယ်တစ်ခု အဖြစ်ပုံဖော်ကာ တစ်နိုင်ငံလုံးရှိ ဒေသအသီး သီးမှ အင်အားစုများနှင့်ညီညွတ်မှုဖြင့် ပိုကောင်းမွန်သော နိုင်ငံတစ်ခုအဖြစ် ဖန်တီးမည်ဟု KNDF က ထပ် လောင်း ကတိ ပြုခဲ့သည်။
ကရင်နီပြည်နယ်နှင့်အတူ ရှမ်းမြောက်၊ စစ်ကိုင်း အပါ အဝင် ပြည်နယ်အသီးသီးက ခိုင်မာသည့် ညီ ညွတ်မှုများဖြင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နေကြောင်းကို နိုင်ငံတကာကို အသိပေးကြရမည်ဟုလည်း KNDF ဥက္ကဌက အကြံပြုသည်။
လက်ရှိတော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်တပ်က အလုံးစုံ လက်လွတ်လိုက်ရသော ပထမဆုံးမြို့နယ်ဖြစ်သည့် ကရင်နီပြည်နယ် မယ်စဲ့ မြို့ ကို ပြန်လည်ကုစားနိုင်ရေးနှင့်အတူ အထူးသဖြင့် လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးအောင်ပွဲများကို ၂၀၂၄ ခုနှစ်အတွင်း နေရာအနှံ့ ဖန်တီးမည်ဟု ကြုံးဝါးသည်။
“၂၀၂၄ နှစ်သစ်ဟာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို ပိုမိုခိုင်မာအောင် ချမှတ်ပေးနိုင်တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်” ဟုလည်း ခွန်းဘီထူးက ဖွင့်ဟသည်။ ။
