ပြည်တွင်း၌စက်သုံးဆီဈေးများတက်လာပြီးဝယ်ယူရခက်ခဲလာကာ ဒေသအချို့တွင် စက်သုံးဆီပြတ်တောက်နေသည်ဟု ဒေသခံများကပြောသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်က တစ်ဒေါ်လာကို ကျပ် ၁၈၅၀မှ ၂၁၀၀ကျပ်အထိ မြှင့်တင့်လိုက်ပြီးနောက် ပြည်တွင်းစက်သုံးဆီဈေးသည်တစ်လီတာကိုအနည်းဆုံးကျပ် ၂၅၀ အထိမြင့်တက်လာပြီးနောက် ဆိုင်အများစုက အရောင်းပိတ်ထားခြင်းဖြစ်သည်ဟုစက်သုံးဆီဝယ်ယူခဲ့သူများကပြောသည်။
ရန်ကုန်မြို့တွင် ဩဂုတ် ၇ရက်က အောက်တိန်း ၉၂ တစ်လီတာကို ၁၆၈၀ ကျပ် ၊ အောက်တိန်း ၉၅ တစ်လီတာကို ၁၇၄၀ကျပ် နှင့် ပရီမီယံ ဒီဇယ် တစ်လီတာကို ၂၀၉၀ကျပ်ရှိခဲ့သည်။ ၂ ရက်အကြာတွင်တစ်လီတာလျှင် ၁၀၀ ကျပ်မှ ၂၀၀ ကျပ်အတွင်းဈေးအသီးသီးတက်လာသည်။ယနေ့( ဩဂုတ် ၉ ရက်)တွင် အောက်တိန်း ၉၂ တစ်လီတာကို ကျပ် ၁၈၆၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၁၉၂၀ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာကို ၂၁၈၅ကျပ်အထိ့ဈေးတက်လာသည်။
“ရန်ကုန်မှာ ဆီဝယ်ရတာခက်တယ်။ ဆိုင်အများစုက ဆီပြတ်နေတာ ၂ရက်၊ ၃ ရက်လောက်ရှိနေပြီ”ဟု ဆီသွားရောက်ဝယ်ယူခဲ့သောရန်ကုန်မြို့ခံတစ်ဦးကပြောသည်။
နယ်မြို့များတွင်သယ်ယူစာရိတ်ကြောင့် ဈေးနှုန်းပိုမိုမြင့်မားနေပြီး အချို့မြို့များတွင် ဆီပြတ်လပ်နေသည်ဟု ဒေသခံများထံမှသိရသည်။
မန္တလေး၊ မူဆယ်၊ တောင်ကြီးစသည့်မြို့များတွင် စက်သုံးဆီပြတ်တောက်နေပြီးဆိုင်အများစုများအရောင်းပိတ်ထားသည်ဟု မြို့ခံများကပြောသည်။
အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်အောက်တိန်း ၉၂ တစ်လီတာကို ၂၁၀၀ကျပ်မှ ၂၅၀၀ကျပ်အထိမြင့်တက်လာပြီး ဆိုင်အများစုမှာလည်း အရောင်းပိတ်ထားသည်ဟု မြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီကစက်သုံးဆီကိုထိန်းချုပ်ထားပြီးဆိုင်များကိုလည်းကန့်သတ်ချက်ဖြင့်သာထုတ်ရောင်းပေးနေသည်ဟု စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
“ဆီကဈေးတက်ပြီး လိုချင်သလောက်လဲ ဝယ်မရတော့ ထိန်းရောင်းနေရတော့ ဈေးက ပိုတက်လာတာ”ဟု ဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
နိုင်ငံအတွင်း စက်သုံးဆီတင်သွင်းခြင်းကို တစ်နှစ်လျှင်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအသုံးပြုနေရ၍ စက်သုံးဆီတင်သွင်းမှုကို လျှော့ချရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သြဂုတ် ၈ ရက်နေ့ အစည်းအဝေးတွင်ပြောခဲ့သည်။ ထိုသို့ပြောဆိုပြီးနောက် ပြည်တွင်း၌ စက်သုံးဆီဈေးများ မြင့်တက်လာပြီး မြို့အချို့တွင် စက်သုံးဆီပြတ်တောက်လာခြင်းဖြစ်သည်။
