လက်နက်ပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်စဥ်မတော်တဆ ပေါက်ကွဲမှု ကြောင့် ဒဏ်ရာရရှိခဲ့သော ရဲဘော်သုံးဦးမှာ ပြန်လည်တိုက်ပွဲဝင်နေပြီး တော်လှန်ရေးသူရဲကောင်းများအဖြစ်ဂုဏ်ပြုကြောင်း The Youth Force (Saw&Kyaukhtu)က ယနေ့(သြဂုတ် ၇ရက်)ထုတ်ပြန်သည်။
လက်နက်အင်အား သာလွန်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ရင်ဆိုင် တိုက်ခိုက်နိုင်ရေး တစ်ထောင့်ထိုး လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ဖောက်ခွဲရေးမိုင်းများကို ကိုယ်တိုင် ထုတ်လုပ်အသုံးပြုရပြီးနောက် နည်းပညာ ဆိုင်ရာလိုအပ်ချက်များကြောင့် တပ်ဖွဲ့ဝင်ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု ဆိုသည်။
အဆိုပါ ရဲဘော်သုံးဦးသည် ယနေ့အချိန်တွင် ဆေးဝါးကုသမှုခံယူကြပြီး သက်သာပျောက်ကင်းခဲ့ပြီး ပြန်လည်၍ တိုက်ပွဲဝင်နေကြောင်း The Youth Force (Saw&Kyaukhtu) တာဝန်ရှိသူက အသိပေးသည်။

“ရခဲ့တဲ့ဒဏ်ရာတွေက တော်တော်များတယ်။အခုတော့ တပ်ဖွဲ့တာဝန်တွေ ပြန်လည်ထမ်း ဆောင်နေပြီ”ဟု ၎င်းက People’s Springသို့ ပြောသည်။
တော်လှန်ရေးစတင်ချိန်မှ ယနေ့အချိန်အထိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ များနှင့် ထိတွေ့တိုက်ပွဲ များတွင် The Youth Force (Saw &Kyaukhtu) ကာကွယ်ရေးတပ်ဘက်မှ တစ်ဦးတစ်ယောက်မှ ကျဆုံးခဲ့ခြင်း မရှိသေးပေ။
မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း၌ လက်နက်ကိုင်တော်လှန်ရေးစတင်ချိန်မှ ယနေ့အထိ ဒေသခံကာကွယ်ရေးရဲဘော်များအနေဖြင့် ရရာလက်နက်ကို စွဲကိုင်ပြီး အာဏာရှင်ကိုတော်လှန်တိုက် ခိုက်ကြရာတွင် အင်တိုက်အားတိုက် ပါဝင်လျက်ရှိသည်။
