ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၆ ရပ်ကွက်ရှိစစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးယနေ့(ဇွန်၉)နံနက်ပိုင်းကသေနတ်ဖြင့် အပစ်ခံရကြောင်း ဒေသခံပြည်သူများကပြောသည်။
ယနေ့နံနက် ၇ နာရီခွဲခန့်က ဒဂုံတောင်ပိုင်း ၁၀၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင်စစ်ကောင်စီသတင်းပေးဟုနာမည်ထွက်နေသော ရုံးစာရေးဆိုသူ ဦးမောင်မောင်အား အမည်မသိလက်နက်ကိုင်အချို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ဒလန်နာမည်က မောင်မောင်လို့သိရပါတယ်ဗျ။မနက်၇ နာရီခွဲလောက်မှာဖြစ်တာ။ သေဆုံးနိုင်ခြေများတယ်”ဟု ဒေသတွင်းသတင်းရင်းမြစ် SDG က ပြောသည်။
ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်မောင်သည် ယနေ့နံနက်ပိုင်းက ၁၀၆ ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးသို့ လူကြီးလာမည်ဟူသော ကိစ္စဖြင့် ရုံး၌ လိုအပ်သည်များပြင်ဆင်ပြီးနောက် ရုံးဘေးလက်ဘက်ရည်ဆိုင်တွင်ထိုင်နေစဥ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးမောင်မောင်တွင်ဦးခေါင်းနှင့်ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးနိုင်ခြေရှိကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် အခင်းဖြစ်နေရာသို့ စစ်ကောင်စီတပ်များရောက်ရှိလာပြီး ပြည်သူနှစ်ဦးကို ဖမ်းဆီးထားပြီး စစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
