ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုနဲ့ ဒရုန်းအသုံးပြုပြီး တိုက်ခိုက်မှုတွေကြောင့် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ပြီး ကလေးတစ်ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ တပ်မဟာ ၅ ကထုတ်ပြန်ထားပါတယ်။
မေလ ၁၆ ရက်က ဖာပွန်ခရိုင် ပိုဘော်ခိုကျေးရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ပစ်ချခဲ့ပြီး အဆိုပါကျည်ဆံပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်းက အသက် (၃၈)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မေလ ၁၈ ရက်နေ့ကလည်း ဖာပွန်-ကမမောင်းကြားက နတ်ကွန်းနန်းကျေးရွာမှာ စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အနီးအနားရှိ ကရင်ကျေးရွာထဲကို လက်နက်ကြီး ၁၀ ချက်ခန့်ပစ်ချခဲ့ရာ ရွာသားတွေရဲ့ လယ်ယာဥယျာဉ်ခြံမြေထဲကို ကျရောက်ပေါက်ကွဲသွားခဲ့တာပါ။
အဲ့ဒီလက်နက်ကြီးတစ်လုံးဟာ ပိုဘော်ခိုကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၁၂)နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ တပ်မဟာ ၅ က ဆိုထားပါတယ်။
ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF) တွေဟာ ပြည်သူလူထုနေထိုင်တဲ့ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ချလျက်ရှိတယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
