မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အနီး မိုင်းဆွဲတိုက်ခိုက်ရာ ရဲနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ပြည်သူကာကွယ်ရေးအဖွဲ့-ပွင့်ဖြူက သတင်းထုတ်ပြန်သည်။
မေလ ၁၈ ရက် နံနက် ၈း ၃၂ အချိန်က ပွင့်ဖြူမြို့နယ် တောင်ဘက် စစ်ဆေးရေးဂိတ်အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲနှစ်ဦးထိခိုက်ဒဏ်ရာရသွားပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ပြည်သူကာကွယ်ရေးအဖွဲ့-ပွင့်ဖြူက ပြောသည်။
ငွေအားလက်နက်အား မလုံလောက်ခြင်းကြောင့် ဆွဲမိုင်း Remote မိုင်းများဖြင့် အခွင့်ရေးရတိုင်း ကြိုးစားတိုက်ခိုက်နေကြောင်း၊ပြီးခဲ့သည့်ရက်ပိုင်းက မြို့တွင်းစစ်ဆင်ရေးများဖော်ဆောင်ခဲ့သော်လည်း ပြည်သူများနှင့်မလွတ်ကင်းသည့်အတွက် ဖျက်သိမ်းခဲ့ရကြောင်း ပြည်သူကာကွယ်ရေးအဖွဲ့-ပွင့်ဖြူက ပြောသည်။
ယမန်နေ့ကလည်း ပွင့်ဖြူအရှေ့ပိုင်းရပ်ကွက် စစ်ကောင်စီခန့် အုပ်ကြီးအိမ်တွင် ခွဲမိုင်းစီစဉ်ထားသော်လည်း ပြည်သူများနှင့် မလွတ်ကင်းသောကြောင့် နောက်ဆုတ်ခဲ့ရသည်ဟု PDF ပွင့်ဖြူက ဆိုသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သား၊ ရဲ၊စစ်ကောင်စီခန့်အုပ်ကြီး၊ ဒလန်သတင်းပေးများနှင့် အနီးကပ်မနေကြရန်နှင့် စစ်ကောင်စီကို အရှိန်ဟုန်မြှင့်ဆက်လက်တိုက်ခိုက်သွားမည်ဟု PDF ပွင့်ဖြူက ပြောသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ PDF-ပွင့်ဖြူထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
PDF-ပွင့်ဖြူသည် မတ်လ ၁၈ ရက်နေ့ညပိုင်းက ပွင့်ဖြူမြို့နယ်၊ အနောက်လေးအိမ်နှင့် မကြီးစုကျေးရွာတစ်ဝိုက်တွင် ကင်းလှည့်လာသော အကြမ်းဖက်စစ်တပ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
