ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်က စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သည်။
မေလ ၁၃ ရက် နံနက်၈နာရီခန့်တွင် ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်ဂွေ့ကြီးကျေးရွာနှင့် ညောင်လေးပင်ကျေးရွာအကြား၌ အင်အား ၃၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းအမှတ် (၃၈၀၁)တပ်ခွဲ -၂ နှင့် တပ်ခွဲ- ၃ တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ထိတွေ့မှုဖြစ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
“အပြန်အလှန်ထိတွေမှုဖြစ်စဉ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး၊ ဒဏ်ရာရရှိသူ အချို့ရှိခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်”ဟု Bago Region PDF က ဆိုသည်။
ယမန်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းအမှတ် (၃၈၀၁) တပ်ခွဲ -၂ နှင့် တပ်ခွဲ- ၃ တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က လေးဦးခန့်သေဆုံးခဲ့သည်။
