မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်မီးရှိူ့ဖျက်ဆီးသွားသည့်ကျေးရွာများအား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က အိမ်ထောင်စုတစ်စုလျှင် ကျပ်တစ်သိန်းနှုန်း ထောက်ပံ့ခဲ့သည်။
မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် ရွာသစ်ကြီးကျေးရွာမှ နေအိမ် ၇၆ လုံး၊ နှမ်းစားကျင်းရွာမှ ၇လုံးနှင့် သံဘိုကြီးရွာမှ ၁၀လုံး၏ အိမ်ထောင်စုများအား ယမန်နေ့ (မေလ ၁၂ ရက်)က အိမ်ထောင်စုတစ်စုလျှင် ကျပ်တစ်သိန်းဖြင့် ၉၃ သိန်းကျပ် မျှဝေလှူဒါန်းပေးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံခဲ့ရသော အပြစ်မဲ့ပြည်သူ နှစ်ဦး၏ ကျန်ရစ်သူ မိသားစုများအား တစ်အိမ်ထောင်လျှင် ငါးသိန်းကျပ် ထောက်ပံ့ခဲ့ကြောင်း၊ စုစုပေါင်း ကျပ်၁၀၃သိန်း ထောက်ပံ့ခဲ့သည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။
မိဘပြည်သူများမှလှူဒါန်းငွေများနှင့် မြိုင်အဖွဲ့မှ ထုတ်လုပ်သော လက်လုပ်လက်နက်များအား မဟာမိတ်များထံသို့ မျှဝေခြင်းမှရရှိလာသော ငွေကြေးများအား လှူဒါန်းခြင်းဖြစ်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ပြောသည်။

“ပြည်သူတွေမှာ နေစရာမရှိစားစရာမရှိတော့ ကျွန်တော်တို့က ဘယ်လိုလုပ်ကြည့်နေနိုင်မှာလဲဗျာ။ ပြည်သူထဲက ပြည်သူပဲလေ ကျွန်တော်တို့က။ မင်းအောင်လှိုင်ရဲ့ စကစတွေသာ အထက်အမိန့်ကို နာခံနေကြတာ မှားတာမှန်တာ မခွဲခြားတတ်ဘဲ။”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်သည် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းသုံးကြောင်းဖြင့် ဝင်ရောက်ဖျက်ဆီးနေပြီး ပြည်သူအချို့လည်း သတ်ဖြတ်ထားသည်။
