မကွေးတိုင်း၊မြိုင်မြို့နယ်၊ကိုင်းတောမရွာဘက်သို့ လာသော စစ်ကောင်စီယာဥ်တန်း ကို မိုင်းအလုံး ၁၀၀ ခန့် ဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးပြီး အများအ ပြားထိခိုက်ဒဏ်ရာရရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
ယနေ့(မေ ၁၂ ရက်)ညနေ ၅ နာရီခွဲခန့်က ယာဥ် အစီးရေ၇ စီး၌ အင်အား ၁၀၀ခန့်ပါရှိသော စစ်ကောင်စီယာဥ်တန်းကို မြိုင်မြို့နယ်၏ အနောက်တောင်ဘက်အခြမ်းရှိ တဲကြီးနှင့် နယ်သတ်ရွာအနီးတွင် အသင့်ပြင်ထားသည့် မိုင်းများဖြင့် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ် cross က ရှင်းပြသည်။

“ပခုက္ကူ ကနေ တိုက်ရိုက်ဝင်ပြီး ထိုးလာတဲ့စစ်ကြောင်းဗျ။ဒီကောင်တွေ ရေအိုးစင်တွေ့လို့ ရေဝင်သောက်တဲ့အချိန်မှာခွဲလိုက်တဲ့ မိုင်းဆိုရင်တော်တော်ထိတယ်။ပြီးတော့လမ်းကြောင်းတစ်လျှောက်မှာလည်း ကျွန်တော်တို့ မိုင်းတွေ ထိခဲ့တယ်”ဟု ၎င်းက People’s Springသို့ ပြောသည်။
သေဆုံးထိခိုက်သည့် စစ်ကောင်စီတပ်သားများကို ဖောကားဖြင့်ပါ သယ်ယူခဲ့ပြီး မိုင်းဆွဲခံရသည့်နေရာများ၌ ကျန်ရစ်ခဲ့သော သွေးကွက်များကို စစ်တပ်ကဆေးကြောခဲ့သည်ဟု လည်းသိရသည်။ စစ်ကောင်စီတပ်သေဆုံးမှုအရေအတွက်နှင့် ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
မိုင်းဆွဲတိုက်ခိုက်မှုကိုဆောင်ရွက်ခဲ့သည့် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။
လက်ရှိမြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်း(တောင် ၊မြောက် ၊အနောက်)ဖြင့်ထိုးနေပြီး တောင်ပိုင်းအခြမ်းရှိ ကျေးရွာသုံးခုထက်မနည်း မီးရှို့ခံထားရကာ အိမ်ခြေ ၁၀၀ ကျော်မီးလောင်ပြာကျခဲ့ရသည်။
လက်ယက်မရွာ၊ သံဘိုရွာ၊ တောင်ကိုင်းရွာ၊ ဖျသီးရွာ၊ကျောက်တောရွာ၊ ပေါင်းတည်ရွာများမှထွက်ပြေးတိမ်းရှောင်နေရသူ ပြည်သူများထောင်ချီ ရှိနေကြောင်း ဒေသခံတို့က ပြောသည်။
မြောက်ပိုင်း၌ တောင်ကိုင်းကျေးရွာသို့ဝင်ရောက်စီးနင်းခံရပြီး လက်နက်ကြီးများလည်း ဘုန်းကြီးကျောင်းထဲသို့ ကျရောက်ခဲ့ကြောင်း၊ အနောက်ဘက်မြိုင်နယ်နှင့်ပေါက်နယ်ဘက်စပ်ကြားဖြစ်သော နယ်သတ်ရွာတွင်လည်း လက်နက်ကြီးငယ်ပစ်ခတ်မှုများခံနေရကြောင်း ဒေသခံများက ပြောသည်။
“နေရာအနှံ့တွင် ဝင်ရောက်စီးနင်းမှုများ ခံနေရပါတယ်။ အဖက်ဖက်ကနေ ကြားညှပ်ထိုးစစ်ဆင်လာသောကြောင့် အချိန်မရွေးတိုက်ပွဲများဖြစ်လာနိုင်သည့်အတွက် ရှောင်ရှားသတိပြုနေကြစေလိုပါတယ်။”ဟု မြိုင်-နွေဦးတော်လှန်ရေးစာမျက်နှာက သတိပေးသည်။
ထိုစစ်ကြောင်းကို မေ ၂ ရက်ကစ၍၅ရက်အထိ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ ဦးခန့် သေဆုံးကြောင်း မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး MVRF က မေ ၆ ရက် တွင် ထုတ်ပြန်ထားသည်။
