စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဝတ်စုံများဝတ်ဆင်ပြီး ကျေးရွာများကို ဝင်ရောက်ဖျက်ဆီးနေကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရေဦးက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် ယမန်နေ့က ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာသို့ရောက်ရှိစဥ် ပကဖနှင့် PDFယူနီဖောင်းအချို့ကို ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း ရေဦး(ပကဖ)အဖွဲ့က ပြောသည်။
ယနေ့(မေလ ၁၂ ရက်) နံနက်ပိုင်း၌ ထိုယူနီဖောင်းများကိုဝတ်ဆင်ကာ PDFအယောင်ဆောင်ပြီး အင်ပင်အုပ်စုရှိကျေးရွာများသို့ ဝင်ရောက်ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ အထင်အမြင်မလွဲစေရန် တင်ပြခြင်းဖြစ်သည်ဟု ရေဦး-ပကဖက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် မုံတိုင်ပင်ရွာကို မေလ ၁၀ ရက်က လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာအိမ်ခြေအများအပြား ပါသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ရွာတွေထဲကို သူတို့မယားတွေခေါ်လာပြီး လိုချင်တာတွေယူ မလိုချင်တာတွေ ဖျက်ဆီးပြီး
အိမ်တွေကိုမီးရှို့တာ”ဟု ရေဦးနယ်ခံတစ်ဦးက ပြောသည်။
မေလ ၇ရက်က ရေဦးမြို့နယ်၊ ဆီဆုံရွာမှ ဆင်ခြံရွာသို့ကူးလာသည့် အကြမ်းဖက်စစ်တပ်အား ဒေသခံတော်လှန်ရေးအဖွဲ့၊ ပကဖ နှင့် PDFတို့ပူးပေါင်းပြီး လက်လုပ်အဝေးပစ်များဖြင့် ကြားဖြတ်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
