ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်းအသုံးပြု တိုက်ခိုက်လို့ အသက်(၈)နှစ်အရွယ် ကလေးတစ်ဦး ထိမှန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မေ ၁၀ ရက်နေ့ ညနေ ၅ နာရီအချိန်က စစ်ကောင်စီရဲ့ ခမရ(၃၄၉)တပ်ဟာ ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာ အင်းနက်အထက်ဘုန်းကြီးကျောင်းရှေ့မှာ ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးတစ်လုံးကို ပစ်ချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို ဒရုန်းနဲ့ ဗုံးသီးပစ်ချမှုမှာ အသက်(၈)နှစ်ရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ဒဏ်ရာရရှိတဲ့ကလေးကို ကေအဲန်ယူ-ကျောက်ကြီးမြို့နယ် တာဝန်ရှိခေါင်းဆောင်တွေက ကုသမှုပေးခဲ့တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။
ကေအဲန်ယူ-ကျောက်ကြီးမြို့နယ် တာဝန်ရှိခေါင်းဆောင်တွေရဲ့ ပြောကြားချက်အရ ကလေးငယ်ရဲ့ ဘယ်ဘက်ရင်အုံကနေ နောက်ကျောဘက်ကို ပေါက်ထွက်ပြီး အဆုပ်ကို ထိခိုက်သွားခဲ့တယ်လို့ သိရပါတယ်။
