▪️ဒေါ်လာ ၁၀သန်းပြည့်ရန် ရက်သတ္တပတ်ပင်မကြာနိုင်ဟုဆို
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် သိမ်းယူထားသော နေအိမ်အတွက် အစုရှယ်ယာရောင်းချမှုမှာ ၃ ရက်အတွင်း အမေရိကန်ဒေါ်လာ၂ သန်းပြည့်ခဲ့ကြောင်း The End of Dictatorship- EOD က ယနေ့ (မေလ ၈) ညပိုင်း၌ ထုတ်ပြန်သည်။
မင်းအောင်လှိုင် မတရားသဖြင့်ရယူထားသော ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ ခြံအမှတ် (၁၄)ကို ကန်ဒေါ်လာ ၁၀ သန်းတန်ဖိုးဖြတ်ကာ အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချရန် NUG က ကြေညာအပြီး ၃ ရက် (၇၂ နာရီ) အတွင်း ဒေါ်လာ ၂ သန်းဖိုး ရောင်းချခဲ့ရခြင်းဖြစ်သည်။
” ၁၄/အင်းလျား အစုရှယ်ရာရောင်းအား၊ ၇၂ နာရီအကြာမှာ ဒေါ်လာ ၂သန်း ပြည့်သွားပါပြီ။ တနည်းအားဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ အိမ်နဲ့ခြံမြေ၂၀ %ကို ပြည်သူက ၃ ရက်အတွင်း ပြန်လည်သိမ်းပိုက်နိုင်လိုက်တာပါပဲ။ နာရီမိနစ်စက္ကန့်နဲ့အမျှ ဝယ်လိုအားတွေ တရိပ်ရိပ်တက်နေတာမို့ မူလရည်မှန်းထားတဲ့ ဒေါ်လာ ၁၀ သန်းပြည့်ဖို့ ရက်သတ္တပတ်နဲ့ချီပြီး ကြာမယ့်ပုံ မရှိပါဘူး ” NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။
မင်းအောင်လှိုင် မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင်မြေသည် ၁.၈၆ ဧကကျယ်ဝန်းပြီး ကာလပေါက်စျေး အမေရိကန်ဒေါ်လာ သန်း ၃၀ကျော် တန်ကြေးရှိကြောင်းလည်း NUG က ကြေညာထားသည်။
ယင်းကာလတန်ကြေး၏ ၃ ပုံ ၁ ပုံ အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် NUG က ပြည်သူများကို ရောင်းချရန် စီစဉ်ခြင်းဖြစ်ပြီး ရှယ်ယာတစ်စုလျှင် ကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားသည်။
ကမ္ဘာတလွှားရှိ အရောင်းကိုယ်စားလှယ်များက အဆိုပါ ရှယ်ယာများကို ရောင်းချပေးလျက်ရှိပြီး ရည်မှန်းထားသည့် ပန်းတိုင်နှင့် နီးသထက်နီးလာပြီ ဖြစ်၍ ပြည်သူအားလုံး၏ ညီညာစုရုန်းမှုဖြင့် အာဏာရှင် အဆုံးသတ်နိဂုံးကို ပုံဖော်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က တိုက်တွန်းခဲ့သည်။
