●ပြည်သူတစ်ဦးသေဆုံးပြီး ၊အချို့ ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများအားအကြမ်းဖက်
စစ်တပ်က ဝင်ရောက်ပစ်ခတ်မီးရှို့မှုကြောင့် နေအိမ် နှစ်ဆယ်ကျော် ပျက်စီးပြီး ရွာသားတစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (မေလ ၅ ရက်နေ့)က ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ် ဝင်ရောက်ဖျက်ဆီး မီးရှို့ခဲ့ကြောင်း၊ လူနေအိမ်(၂၂)လုံး၊ မီးဖိုဆောင်(၁)လုံး၊ နွားတဲ(၁)လုံးတို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (မေလ ၆ ရက်) နံနက်ပိုင်းတွင်လည်း ရေဦးမြို့ပေါ်မှ အကြမ်းဖက်စစ်တပ်သည် နှောကုန်းရွာသို့ ကားသုံးစီးဖြင့်ရောက်လာပြီးပြည်သူများကိုအကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း၊ လက်ရှိ အမျိုးသမီးတစ်ဦးကျည်ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ယနေ့မနက်ပိုင်း စစ်ခွေးသူပုန်တပ်က ရေဦးမှ နှောကုန်းရွာသို့ ကားသုံးစီးဖြင့်ရောက်လာပြီး ပြည်သူများကိုအကြောင်းမဲ့ပစ်ခတ်ခဲ့ပါတယ်။လက်ရှိ အမျိုးသမီးတစ်ဦး သေနတ်ထိမှန်ထား၊ ရွာမှ အကူအညီပေးရန်ကြိုးစားနေသော်လည်း မရသေးကြောင်း သတင်းရရှိ။”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရေဦးမြို့နယ် ကပြောသည်။
ယမန်နေ့က အကြမ်းဖက်စစ်တပ်၏ ကား၄ စီးသည် စီးကန်ရွာအရှေ့ဘက် တဲတိုက်ကျေးရွာထိပ်တွင်မိုင်းမိကာအကြမ်းဖက်စစ်သားလေးဦးခန့်သေဆုံးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ မုံတိုင်ပင် ကျေးရွာ အတွင်းကျကာ ရွာသားတစ်ဦး သေဆုံးပြီး နှစ်ယောက်ဒါဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဧပြီလ ၂၆ ရက်နေ့ညနေပိုင်းကလည်း ရေဦးမြို့အတွင်းသို့ ပြန်လာသည့်အကြမ်းဖက်စစ်တပ်အား ပကဖ စုပေါင်းအဖွဲ့က စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ သေဆုံးထိခိုက်မှုရှိခဲ့သည်။
ဧပြီလကုန်ပိုင်းမှစတင်ကာ အကြမ်းဖက်စစ်တပ်သည် ရေဦးမြို့နယ်တွင်းကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့ပြီး၊ပြည်သူများ၏နေအိမ်များကိုအကြမ်းဖက်ဖျက်ဆီးနေကြောင်းဒေသခံများကပြောသည်။
