မြို့တစ်မြို့မှာ အလွန်အကျွံ သောင်းကျန်းနေတဲ့ ဒုစရိုက် ဂိုဏ်းတွေကို ဖြိုခွင်းဖို့အတွက် အယ်လ်ဆာဗေးဒိုး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အင်အား ၁၀၀၀၀ လောက်ကို ဖြန့်ကျက်ထားလိုက်ကြောင်း သိရပါတယ်။
သမ္မတ နာယစ်ဘ် ဘူကီလီက ဆိုယာပန်ဂိုမြို့ ပတ်ပတ်လည်ကို အထူးတပ်ဖွဲ့ အင်အား ၁၀၀၀၀ လောက် ဝန်းရံထားလိုက်ပြီး မြို့ရဲ့ အဓိက အဝင်အထွက် လမ်းမအားလုံးကိုလည်း ပိတ်ထားလိုက်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီအတောအတွင်း အထူး ကွန်မန်ဒို အဖွဲ့တွေက ဒုစရိုက်ဂိုဏ်းသားတွေရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်း ရှာဖွေနေပါတယ်။
လုံခြုံရေး အရာရှိတွေက မြို့ထဲက ထွက်ခွာဖို့ ကြိုးစားသူတိုင်းကို တားဆီးပြီး စာရွက်စာတမ်းတွေ စစ်ဆေးနေပါတယ်။ အယ်လ်ဆာဗေးဒိုး အစိုးရဟာ ပြည်တွင်းမှာ ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်နွှယ်တဲ့ ရာဇဝတ်မှုတွေ ထူပြောလာတာကို တုံ့ပြန်ဖို့ စစ်ဆင်ရေးတွေ ဆက်တိုက် အကောင်အထည် ဖော်နေပြီး ဆိုယာပန်ဂိုက အခြေအနေတွေဟာလည်း အဲဒီ အစီအမံတွေရဲ့ အစိတ်အပိုင်း တစ်ခုလို့ ဆိုနိုင်ပါတယ်။
ဆိုယာပန်ဂိုမှာ ဒေသခံ ၂၉၀၀၀၀ ကျော် နေထိုင်ပြီး အယ်လ်ဆာဗေးဒိုးရဲ့ အကြီးဆုံး မြို့တစ်ခု ဖြစ်ပါတယ်။ အဲဒီမြို့ဟာ မြို့တော် ဆန်ဆယ်လ်ဗာဒိုရဲ့ အနောက်ဖက် ၈ မိုင်လောက်သာ ကွာဝေးတဲ့ နေရာမှြ တည်ရှိနေပါတယ်။
လောလောဆယ်တော့ ဆိုယာပန်ဂို မြို့ဧရိယာ တဝိုက်ကို လုံးဝဥဿုံ ဝိုင်းပတ် ပိတ်ဆို့ထားပြီး ရဲတွေနဲ့ စစ်သားတွေက ရာဇဝတ် ဂိုဏ်းသားတွေကို တစ်ဦးချင်းစီ ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေကြောင်း ပြောပါတယ်။
မြို့ထဲက သာမန်ပြည်သူတွေ အနေနဲ့ ဘာမှ စိုးရိမ် ထိတ်လန့်နေဖို့ မလိုဘူးလို့ သမ္မတက ပြောပေမယ့်လည်း လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ရာဇဝတ် ဂိုဏ်းတွေကြားက ပဋိပက္ခတွေအတွင်း မြို့ခံလူထု ကြားညပ်နိုင်တယ်ဆိုတဲ့ စိုးရိမ်တကြီး ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
သမ္မတ ဘူကီလီဟာ ဒုစရိုက်ဂိုဏ်းတွေ သောင်းကျန်းမှုကြောင့် တစ်နိုင်ငံလုံးအဆင့် အရေးပေါ် အခြေအနေ ကြေညာချက်ကို မတ်လကုန် ကတည်းက ထုတ်ပြန်ခဲ့ပြီး အဲဒီနောက်ပိုင်း လူပေါင်း ၅၈၀၀၀ ကျော်ကို ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
